ထားဝယ်မြို့၊ မြို့တော်ခန်းမဟောင်းကို မင်္ဂလာညစာစားပွဲကဲ့သို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခမ်းအနားများအတွက် စတင်အသုံးပြုနေကြောင်း မြို့ခံများထံမှ သိရသည်။
နိုဝင်ဘာလ ၇ ရက်တွင် မြို့တော်ခန်းမဟောင်း၌ မင်္ဂလာညစာစားပွဲ တစ်ခုကျင်းပခဲ့သလို ဂေါက်ကလပ်၏ ညစာစားပွဲ ကိုလည်း နိုဝင်ဘာလ ၉ ရက်က ပြုလုပ်ခဲ့ကြောင်း ယင်းပွဲများ၏ မှတ်တမ်းဓာတ်ပုံများအရ သိရသည်။
“မြို့တော်ခန်းမမှာ ညစာစားပွဲလုပ်တာက ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင်မင်္ဂလာပွဲမို့၊ နောက်ပိုင်းပွဲတွေ ခွင့်ပြု မပြုတော့ ပြောမတတ်သေးဘူး။ ဂေါက်ကလပ် ညစာစားပွဲလည်း မြို့တော်ခန်းမမှာပဲ လုပ်သွားတယ်” ဟု အဆိုပါပွဲများကို ကိုယ်တိုင်တက်ရောက်ခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။
မြို့တော်ခန်းမတွင် ယခင်က အစိုးရအခမ်းအနား၊ တွေ့ဆုံပွဲ၊ အများနှင့် သက်ဆိုင်သော ပွဲအခမ်းအနားများသာ ဆောင်ရွက် ခဲ့ပြီး အရပ်သားအစိုးရခေတ်တွင်မူ လွတ်လပ်ရေးနေ့၊ ခရစ္စမတ်နေ့ ညစာစားပွဲများကို မြို့တော်ခန်းမ အရှေ့ မြက်ခင်းပြင် တွင် ကျင်းပခဲ့ဖူးသည်ကို တွေ့ရသည်။
“(အခုက) မြို့တော်ခန်းမနဲ့ မတူတော့ဘူး။ ဖျက်စီးလိုက်သလိုမျိုး ဖြစ်နေပြီ။ အရင်ကဆို အရှိန်အဝါနဲ့။ အခုတော့ ဖြဲဖြဲစင် (လုပ်ချင်တာလုပ်နေ) ဖြစ်သွားပြီ” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
၂၀၂၂ ခုနှစ်တွင် ထားဝယ်မြို့သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်စဥ်က ခန်းမ လိုအပ်ချက်ရှိသည်ဟုဆိုကာ မူလမြို့တော်ခန်းမနှင့် မျက်နှာချင်းဆိုင် ဗထူးပန်းခြံအတွင်း တည်ဆောက်ရန် ခွင့်ပြုခဲ့ကြောင်း စစ်ကော်မရှင် ပြန်ကြားရေးဌာန၏ မှတ်တမ်းအရသိရသည် ။
မြို့တော်ခန်းမ အသစ်ဆောက်လိုက်သဖြင့် ဗထူးပန်းခြံ မရှိတော့သလို မြို့တော်ခန်းမအဟောင်းကိုလည်း အများပြည်သူနှင့် မသက်ဆိုင်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ညစာစားပွဲများအတွက် အသုံးပြုလျက်ရှိသည်။
ထားဝယ်မြို့တော်ခန်းမအသစ်ကို စစ်ခေါင်းဆောင်က စက်တင်ဘာလ ၁၈ ရက်တွင် ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ခဲ့သည်။
မြို့တော်ခန်းမဟောင်း မြေနေရာအများစု အပါအဝင် အစိုးရဧည့်ရိပ်သာ အဆောက်အအုံ မြေဧရိယာ လေးဧကနီးပါး (၃ ဒသမ ၈၉ ဧက) ကိုလည်း စစ်အုပ်စု၏ လက်နက်အဝယ်တော် ဦးထွန်းမင်းလတ် ပိုင်ဆိုင်သည့် ဟိုတယ်ထားဝယ်အား ၂၀၁၃ ခုနှစ်မှ ၂၀၄၃ ခုနှစ်အထိ ငှားရမ်းထားကြောင်း မှတ်တမ်းများအရသိရသည် ။







