ရေဖြူမြို့နယ်၊ ဇာဒီရွာကို စစ်အာဏာရှင်တပ်က တန်ဆောင်မုန်းလပြည့်ည နိုဝင်ဘာလ ၄ ရက်ကစပြီး လျှပ်စစ်မီး ပြန်လည် ဖြတ်တောက်ခဲ့ပြီး ဒေသခံဇနီးမောင်နှံနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ရွာသားများထံမှ သိရသည်။
တစ်နှစ်နီးပါးကြာ လျှပ်စစ်မီးဖြတ်တောက်ထားပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်တွင် လျှပ်စစ်မီး ပြန်လည်တပ်ဆင်ခဲ့သော်လည်း ၁၀ ရက်အကြာတွင် ပြန်လည်ဖြတ်တောက်ခြင်း ဖြစ်သည်။
လျှပ်စစ်မီး ဖြတ်တောက်လိုက်သဖြင့် အင်တာနက်လိုင်းလည်း ပြတ်တောက်သွားကြောင်း ၎င်းတို့က ဆိုသည်။
“လပြည့်ညက ရွာထဲဝင်လာပြီး သေနတ်ဖောက်တယ်။ သင်္ဘောဘက်ကနေလည်း လက်နက်ကြီးပစ်တယ်။ အဲဒီလို ပစ်ပြီးတာနဲ့ မီးပြန်ဖြတ်ပစ်လိုက်တယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိဘဲ စစ်အာဏာရှင်တပ်က ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများ ထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ညတွင် ဇာဒီရွာအုပ်စု ကျောက်ထရံကျေးရွာတွင် အသက် ၃၀ ဝန်းကျင် ကိုဇော်ဦးနှင့် မမီးမီးတို့ ဇနီးမောင်နှံကိုလည်း စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါ ဇနီးမောင်နှံသည် ဇာဒီရွာခံများဖြစ်ပြီး ကျောက်ထရံရွာတွင် လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကစ၍ ရွှေ့ပြောင်း နေထိုင်သူများဖြစ်ကြောင်း အထက်ပါဇာဒီရွာသားက ဆိုသည်။
ကိုဇော်ဦးတို့ ဇနီးမောင်နှံမှာ ယနေ့ နိုဝင်ဘာလ ၁ဝ ရက် နံနက်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသလို မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးထားသည်ကိုလည်း မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်က ဇာဒီရွာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကံပေါက်ရေကန်တောင်တိုက်ပွဲနောက်ပိုင်းတွင် လျှပ်စစ်မီး စတင်ဖြတ်တောက်ခဲ့သည်။
ယင်းနောက် ကျေးရွာမှ ဆရာတော်များ၏ တောင်းဆိုချက်ကြောင့် ၂၀၂၅ ခုနှစ် မတ်လတွင် ရက်သတ္တပတ်ခန့် လျှပ်စစ်မီး ပြန်ရခဲ့ကာ ပြန်လည်ဖြတ်တောက်ခံရသည်။
အောက်တိုဘာလ နောက်ဆုံးအပတ်တွင် စစ်အာဏာရှင်တပ်က လျှပ်စစ်မီးပြန်တပ်ဆင်ခဲ့ပြီး ကျေးရွာအတွင်း ဒေသခံများ ပြန်လည်လာရောက်နေထိုင်ရန် ပြောဆိုခဲ့သည်။ ယင်းနောက် ၁၀ ရက်အကြာတွင် ပြန်လည်ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
လျှပ်စစ်မီး ပြန်ရသော်လည်း သွားလာရေး၊ စားဝတ်နေရေးနှင့် ဆက်သွယ်ရေးအခက်အခဲ များစွာရှိသဖြင့် ကျေးရွာအတွင်း ပြန်လည်ဝင်ရောက် နေထိုင်ရန် အဆင်မပြေကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် စစ်အာဏာရှင်တပ် စစ်သင်္ဘောတစ်စင်းသည် ဇာဒီချောင်းဝတွင် နေရာယူထားကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများက နိုဝင်ဘာလ ၉ ရက် ညနေပိုင်းက ပြောသည်။
ယင်းကြောင့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရသည့် ဇာဒီရွာသားများ သည် နေရပ်ပြန်မရသေးဘဲ ရွာအတွင်းကျန်နေသည့် လူနည်းစုသည်လည်း သွားလာရေး၊ စားဝတ်နေရေးနှင့် ဆက်သွယ်ရေးအခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။







