ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး၏ မဟာမိတ်ဖြစ်သူ ဆီးနိတ်အမတ်တစ်ဦးအား နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဖိလစ်ပိုင်အစိုးရအရာရှိတစ်ဦးက နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြောဆိုသည်။
ဆီးနိတ်အမတ် Ronald Dela Rosa အား အိုင်စီစီက ဖမ်းဝရမ်းထုတ်လိုက်သည်ဟု ဖိလစ်ပိုင်တွင် အစိုးရဌာနများအပေါ် မကျေနပ်ချက်များကို စုံစမ်းတင်ပြရန် ခန့်အပ်ထားသည့် အရာရှိ Jesus Crispin Remulla က ဆိုသည်။
အဆိုပါ သတင်းအချက်အလက်ကို ၎င်းထံ ဖိလစ်ပိုင်တရားရေးဌာနက လွှဲပြောင်းပေးအပ်ခဲ့သည်ဟု Remulla က ဆိုသည်။
ဖိလစ်ပိုင်တရားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် Polo Martinez ကမူ ယင်းသို့ ဖမ်းဝရမ်းထုတ်လိုက်သည့် သတင်းကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်ကြောင်း ဆိုသည်။
“အဲဒီ ဖမ်းဝရမ်းမိတ္တူကို ကျွန်တော်တို့ လက်ခံရရှိထားတာ မရှိပါဘူး။ အဲဒါ ရလာရင် နောက်ထပ်အသေးစိတ်အချက်အလက်တွေ ကျနော်တို့ ဖော်ပြပေးပါမယ်” ဟု ၎င်းက ပြောသည်။
ဒူတာတေး၏ မဟာမိတ်ဖြစ်သူ ဆီးနိတ်အမတ် Rosa အား ဖမ်းဝရမ်းထုတ်ထားကြောင်း ပြောဆိုမှုများကို အိုင်စီစီဘက်က ငြင်းဆန်ထားသည်။
ဖိလစ်ပိုင်ဆီးနိတ်အမတ် Ronald Dela Rosa သည် ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေး၏ မူးယစ်စစ်ပွဲကို ကြီးကြပ်ခဲ့သူ ဖြစ်သည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဖိလစ်ပိုင်သမ္မတတာဝန်ယူခဲ့သည့် ဒူတာတေးအား ယခုနှစ်မတ်လတွင် အိုင်စီစီက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
၎င်း၏ မူးယစ်ဆေးဝါးနှိမ်နှင်းရေးစစ်ပွဲအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုများနှင့် ဆက်စပ်၍ အိုင်စီစီက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် ယင်းသို့ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
သမ္မတဟောင်း ဒူတာတေး၏ အဆိုပါ မူးယစ်ဆေးဝါးနှိမ်နှင်းရေးစစ်ပွဲအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူ ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်။
Source: Reuters







