BREAKING
November 12, 2025

လောင်းလုံးတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

November 10, 2022

လောင်းလုံးမြို့ (ဃ)ရပ်ကွက် လမ်းပိုင်းတစ်နေရာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်ခတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပစ်ခတ်ခံရသူမှာ (ဃ)ရပ်ကွက်တွင် နေထိုင်သော အသက်သုံးဆယ်ကျော်အရွယ်ရှိ ကိုမင်းဝါ ဆိုသူဖြစ်သည်။

ပစ်ခတ်ခံရမှုကြောင့် လက်မောင်းတွင် သေနတ်ဒဏ်ရာ သုံးချက်ရရှိထားသော်လည်း စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း ဒေသခံတစ်ဦးကဆိုသည်။

၎င်းမှာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်းလည်း ‌ဒေသခံများထံမှ သိရသည်။

“ပစ်ခံရတာက စောင်းကြိုးလမ်းထဲမှာပါ ထော်လာဂျီ မောင်းပြီးလာတုန်းပစ်ခံရတာ”ဟု ၎င်းကပြောသည်။

ပစ်ခတ်ခံရသူမှာ စစ်ကောင်စီခန့် (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှု ဦးမင်းသိန်း၏ တူဖြစ်ပြီး ရဲကားနှင့် စစ်ကားများကို မောင်းပေးလေ့ရှိသူဖြစ်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

“သူကမူးလာရင် သူနဲ့မတည့်တဲ့သူတွေကို ခြိမ်းခြောက်လေ့ရှိတယ် ရဲစခန်းထဲမှာပဲ အနေများတယ်”ဟု ထိုဒေသခံကပြောသည်။

အဆိုပါကိုမင်းဝါ ဆိုသူကို Launlone People Defence Force(လောင်းလုံး-ပကဖ) နှင့် Dawei Defense Team-DDT တပ်ခွဲ(၃) (ထားဝယ်-ပကဖ) တို့ပူး၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း DDTအဖွဲ့၏ထုတ်ပြန်ထားချက်အရသိရသည်။

ထိုသူမှာ လက်နက်ကိုင်ဆောင်ထားပြီး ပျူစောထီးအဖွဲ့ခေါင်းဆောင် ကိုမင်းသိန်း၏ တူဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သားများ ကျေးရွာအတွင်း ဝင်ရောက်လာချိန် ကိုယ်တိုင်လမ်းပြပေးခြင်းများ လုပ်ဆောင်နေသဖြင့် သုတ်သင်ရှင်းလင်းရခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြထားသည်။