ထိုင်း-မြန်မာနယ်စပ် ထီးခီး(မင်းသမီးခီး)ကျေးရွာအတွင်းကို အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံတပ်က ဂျက်ဖိုက်တာ FTC-2000G လေယာဉ်အမျိုးစားဖြင့် (၂)ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အော်လီဂန်းစက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၁၀ ရက် မနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ထီးခီးရွာထဲကို ဗုံး ၄ လုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့နှင့် KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထံက သိရသည်။
ထီးခီးရွာထဲ ဗုံးကြဲတိုက်ခိုက်မှုတွင် ကာစီနိုရုံ၊ လူနေအိမ်များနှင့် အဆောက်အအုံအချို့ ထိခိုက်မှုရှိသည်ဟု ဒေသခံများက ပြောသည်။
“ကာစီနိုရုံတော့မထိဘူး။ သူတို့ကြဲတာကတော့ ကျွန်တော်တို့ဈေးထဲမှာလည်း ကြဲတာပေါ့နော်၊ အတိအကျတော့ မသိဘူးပေါ့နော်၊ ဘာဖြစ်လဲဆိုတော့ ရွာသူရွာသားလည်း အခုလောလောဆယ် အပြင်ထွက်လို့မရဘူး” ဟု ပဒိုစောအယ်နားက ဆိုသည်။
အောက်တိုဘာ ၈ ရက်ကလည်း ထီးခီး(မင်းသမီးခီး)ကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံတပ်က မနက်ပိုင်းတွင် ၁၀ ကြိမ်ဗုံးကြဲခဲ့ရာတွင် ဗုံးအလုံးရေ ၄၀ ခန့်ကြဲချခဲ့ပြီး၊ ညနေပိုင်းတွင် ဗုံးတစ်ကြိမ် ထပ်မံကြဲချတိုက်ခိုက်သဖြင့် လူနေအိမ်နှင့် အဆောက်အအုံတစ်ချို့ ထိခိုက်ပျက်စီးခဲ့သည်။
ထီးခီးကအပြန် ၉ နာရီ ၃၀ မိနစ်တွင် တနင်္သာရီမြို့နယ် တကူကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း ပဒိုစောအယ်နားက ဆိုသည်။
“ထီးခီးကြဲပြီးတာနဲ့ သူက တကူကိုထပ်ကြဲတာနော်၊ တကူကတော့ ကျွန်တော်တို့ရတဲ့သတင်းက လေးယောက်ဒဏ်ရာရတယ်။ အဲ့ဒီအထဲမှာကျောင်းသားတစ်ယောက်ပါတယ်။ ထီးခီးဘက်မှာလည်း ထိခိုက်မှုရှိတယ်” ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
ထားဝယ်ခရိုင်နှင့်ထိစပ်နေသည့် ထိုင်း-မြန်မာနယ်စပ်က နတ်အိမ်တောင်စခန်းမှလွဲ၍ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း အပါအဝင် စစ်ကော်မရှင်လက်အောက်ခံ တပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်-PDF မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ်တွင် တိုက်ခိုက်သိမ်းယူထားသည်။
အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးအပါအဝင် တနင်္သာရီတိုင်းအတွင်းက နယ်မြေအတော်များများကို စစ်အာဏာရှင်တပ် လက်လွတ်ဆုံးရှုံးထားရပြီး ယခုလပိုင်းအတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသည်။