ထိုင်းနိုင်ငံ၊မဟာချိုင်တွင် စက်တင်ဘာလ ၈ ရက်နေ့ညက ပြုလုပ်ခဲ့သော မြန်မာစတိတ်ရှိုး Mahachai Myanmar Music Festival ပွဲတွင် လိမ်လည်မှုများရှိခဲ့ပြီး ပွဲလာရောက်ကြည့်ရှုသော မြန်မာအလုပ်သမားများ ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း အလုပ်သမားများနှင့် AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။
၅၉၉ ဘတ်ဖြင့် မြန်မာအလုပ်သမားများကို လက်မှတ်ရောင်းချထားသော စတိတ်ရှိုးပွဲကို စက်တင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောက်တိုဘာ ၈ ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။
ပွဲကျင်းပသောနေ့ အောက်တိုဘာ ၈ ရက်နေ့တွင် မူလတေးသံရှင်(အဆိုတော်)များ မပါဝင်တော့ဘဲ ဆိုမည့်သူများ အသစ်ပြောင်းလိုက်သဖြင့် လက်မှတ်တန်ဖိုးကို ၂၉၉ ဘတ်ဖြင့် ည ၉ နာရီအချိန်အထိ ရောင်းချနေခဲ့ကြောင်း သိရသည်။
ပွဲစီစဉ်သူများဘက်က တေးသံရှင်များ စာရွက်စာတမ်းမပြည့်စုံသဖြင့် ဆိုခွင့်မရကြောင်း စင်ပေါ်တက်ပြောခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက လက်ကိုင်တုတ်များဖြင့် ပွဲအတွင်းဝင်လာကာ လာရောက်ကြည့်ရှုသူများကို မောင်းထုတ်ခဲ့ပြီး အချုပ်ကားကိုလည်း အဆင်သင့် ထားရှိထားကြောင်း AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက ဆိုသည်။
ထို့ကြောင့် ပွဲစီစဉ်ထားသူများက တာဝန်ယူမှု တာဝန်ခံမှုမရှိခဲ့ဘဲ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်း၍ မြန်မာအလုပ်သမားများထံမှ လက်မှတ်ဖိုးငွေများ လိမ်စားသွားသည့်ပုံစံမျိုး ဖြစ်နေကြောင်း ၎င်းကဆိုသည်။
“လက်မှတ်ကို ည ၉ နာရီကျော်အထိ ရောင်းနေတုန်း။ အထဲမှာ DJ စနေပြီ။ ပွဲပျက်တာ သိသိကြီးနဲ့ လက်မှတ်လိမ်ရောင်းနေတာ။ ကျွန်တော်က အနီးကပဲဆိုတော့ တော်သေးတယ်။ တချို့ အဝေးကလာကြတာ။ တော်တော် ဒုက္ခရောက်ကြတယ်” ဟု ပွဲလာကြည့်သူ မြန်မာအလုပ်သမား တစ်ဦးကဆိုသည်။
ပွဲနေ့တွင် လမ်း၌ ထိုင်းရဲ ၂၀ ခန့် ဆိုင်ကယ်လိုင်စင်စစ်ဆေးနေသဖြင့် ဖမ်းဆီးခံရသူများရှိခဲ့ပြီး ပွဲကျင်းပသော ရုံဝင်ပေါက်တွင်လည်း အချုပ်ကားကို ထားထား၍ နိုင်ငံကူးလက်မှတ်နှင့် စာရွက်စာတမ်းများ အစစ်အဆေး ကြမ်းတမ်းခဲ့ကြောင်း ၎င်းကဆိုသည်။
မြန်မာအလုပ်သမားများသည် လုပ်အားခ ၂ ရက်စာ အကုန်အကျခံ၍ လက်မှတ်ဝယ်ပြီး မြန်မာစတိတ်ရှိုးပွဲကို လာရောက်ကြည့်ရှုခဲ့သော်လည်း ပွဲစီစဉ်သူများ၏ စနစ်မကျမှုနှင့် တာဝန်ယူမှုမရှိခဲ့သဖြင့် စာရွက်စာတမ်းမရှိသူများနှင့် နယ်ကျော်လာရောက်သူများလည်း ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက ပြောသည်။
“မဟာချိုင်က ပုလိပ်ရုံးအထိသွားတယ်။ သူတို့ ဘယ်မှာထားထားလဲ မပြောဘူး။ ကျွန်တော်တို့ စဉ်းစားမိတာက သူတို့တွေ ပိုက်ဆံတောင်းပြီးလို့ ပြန်လွှတ်လိုက်တာလား။ ဒါမှမဟုတ်ရင် အလုပ်သမားတွေ ဆူဆူပူပူဖြစ်မှာကြောက်လို့ပဲ မသိမသာ ပြန်လွှတ်ပေးလိုက်တာလားပေါ့။ ဖမ်းတာကတော့ သေချာပါတယ်” ဟု ၎င်းက ဆိုသည်။
ပွဲစီစဉ်သူများကို Dawei Watch က ဖုန်းဆက်သော်လည်း မကိုင်သဖြင့် Facebook စာမျက်နှာမှတစ်ဆင့် စာပို့(Message)မေးမြန်းထားပြီး ယခုအချိန်အထိ(ယနေ့နေ့လယ်ပိုင်း) အကြောင်း ပြန်ကြားခြင်း မရှိသေးပေ။
လက်ရှိအချိန်တွင် Mahachai Myanmar Music Festival ပွဲစီစဉ်သူများက လက်မှတ်ဖိုးများ ပြန်အမ်းပေးမည်ဟု ၎င်းတို့၏ Facebook စာမျက်နှာတွင် ကြေညာထားသော်လည်း အမှန်တကယ် ပြန်အမ်းပေးခြင်းရှိမရှိ အတည်မပြုနိုင်သေးပေ။







