BREAKING
October 31, 2025

ဘန်ကောက်နှင့် အနီးတဝိုက်တွင် ခွေးရူးပြန်ရောဂါ သတိထားကြရန် ကြေညာ

September 10, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် အနီးတဝိုက်ခရိုင်များတွင် ခွေးရူးပြန်ရောဂါ ကူးစက်ပြန့်ပွားနေသဖြင့် သတိပေးချက်များကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဘန်ကောက်ခရိုင်ရှိ နော်ဘွန်နှင့် ပရာဝတ်နယ်မြေများတွင် ခွေးရူးပြန်ရောဂါကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ သတိထားနေထိုင်ကြရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ခွေးရူးပြန် သတိပေးချက် ထုတ်ထားသော နေရာများမှာ ဘန်ကောက်ခရိုင်ထဲက အွန်နွတ်၊ ဖတ်ထနာကန်၊ ထပ်ချန့်၊ လတ်ကရာဘန်၊ ဘန်နား၊ ဘန်ချတ်၊ နွန်ဘွန်၊ ဒေါ့မိုင်နှင့် ပရာဝတ်နယ်မြေများ ပါဝင်သည်။

ဘန်ကောက်အနီး စမွတ်ပရကန်ခရိုင်တွင်မူ ဘန်ဖလီနယ်မြေကို ခွေးရူးပြန် သတိပေးချက် ထုတ်ထားသည်။

ခွေးရူးပြန်ရောဂါ သတိပေးချက် ထုတ်ပြန်ထားသော နယ်မြေများ၏ ငါးကီလိုမီတာဝန်းကျင်ကို ခွေးရူးပြန်ရောဂါ ကူးစက်မှု တိုက်ဖျက်ရေးဇုန်အဖြစ် သတ်မှတ်ကြောင်း ဖော်ပြသည်။

သတိပေးချက်ထုတ်ထားသော နေရာအနီး ပြည်သူများအနေဖြင့် သေဆုံးနေသော ခွေးနှင့် တိရိစ္ဆာန်များကို ထိတွေ့ ကိုယ်တွယ်ခြင်း မပြုလုပ်ရန်နှင့် သေဆုံးနေသော တိရိစ္ဆာန်များအနီး မသွားလာကြရန် သတိပေးထားသည်။

ထို့အပြင် သတိပေးထားသော အနီးအနားဒေသများကို ‌ခွေး၊ ကြောင်နှင့် အခြားအိမ်မွေးတိရိစ္ဆာန်များ ခေါ်ယူသွားလာခြင်းမပြုလုပ်ရန် သတိပေးထားသည်။

တိရိစ္ဆာန်များ ဖျားနာလာပါက ၁၂ နာရီအတွင်း အာဏာပိုင်များကို အကြောင်းကြားရန် သတိပေးထားသည်။

အကယ်၍ ခွေးကိုက်ခံရသည်ဖြစ်စေ ထိတွေ့ကိုင်တွယ်ထားသည်ဖြစ်စေ ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ သံသယရှိပါက နီးစပ်ရာတွင် ကျန်းမာရေးကုသမှု ခံယူရန် တိုက်တွန်းထားသည်။

အကယ်၍ သတိပေးချက်များကို မလိုက်နာပါက ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၄၀၀၀၀ အထိ ကျခံရနိုင်ကြောင်း သတိပေးချက်တွင် ဖော်ပြသည်။

Ref: The Nation Thailand, Bangkok Post