ကလိန်အောင်မြို့ဘက်မှ မလွှဲတောင်ဘက်သို့ ဦးတည်ကာ သြဂုတ်လကတည်းက စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သည် ယနေ့ စက်တင်ဘာလ ၁ဝ ရက်တွင် မလွှဲတောင်အနီး ရေဖြူမြို့နယ်၊ လော့သိုင်းကျေးရွာအုပ်စု၊ ကျွဲတလင်းရွာအထိ ရောက်နေပြီဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။
သြဂုတ်လ နောက်ဆုံးအပတ်ကတည်းက တော်လှန်ရေးတပ်များက ပိတ်ဆို့ဟန့်တားထား၍ ယင်းစစ်ကြောင်းသည် မရမ်းချောင်းရွာဝန်းကျင်တွင် သာရှိနေခဲ့သော်လည်း လမ်းပိုင်းပြန်ဖွင့်စဥ် အရှေ့သို့ တိုးလာခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံတို့ကဆိုသည်။
ကလိန်အောင် – မလွှဲတောင်လမ်းပိုင်း ပြန်ဖွင့်ခဲ့သည့် စက်တင်ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ ယင်းလမ်းပိုင်း၌ နေ့စဥ်ထိတွေ့ပစ်ခတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေး သတင်းအရင်းအမြစ်များထံမှသိရသည်။
ယင်းအခြေအနေကို သိရှိနိုင်ရန် တော်လှန်ရေးအင်အားစုများ၏ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
စက်တင်ဘာလ ၆ ရက်မှ ၉ ရက်အထိ ပစ်ခတ်မှုများအတွင်း ကားသမားတစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦး၊ မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည် ။
ယင်းအပြင် စစ်ကြောင်း တက်လာရာလမ်းကြောင်းရှိ ရာဖူးရွာမှ ရွာသား ဆယ်ဦးထက်မနည်းလည်း သုံးရက်ခန့် ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း ဒေသခံတို့ကဆိုသည်။
စစ်ကောင်စီစစ်ကြောင်း ရောက်ရှိနေသည့် ကျွဲတလင်းရွာ ဝန်းကျင်ရှိ လော့သိုင်း၊ ကျောက်ကဒင်နှင့် အလယ်စခန်းရွာမှ ရွာသားများလည်းထွက်ပြေးနေသည်ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦး ကပြောသည် ။
“စစ်ကြောင်း က ကျွဲတလင်းရောက်လာတော့ အလယ်စခန်းရွာအထိက ရွာတွေ ရေးဘက်ကို ထွက်ပြေးကြတယ်။ ရာဖူးဘက်ကလူတွေကျတော့ စစ်ကြောင်းက သူတို့ရွာက ထွက်သွားပြီဆိုတော့ တချို့ပြန်ကြတယ်။ အများစုကတော့ လက်နက်ကြီးကြောက်လို့ မပြန်ကြသေးဘူး” ဟု ၎င်းကပြောဆိုသည်။
စစ်ရေးတင်းမာမှုအခြေအနေကြောင့် ယင်းလမ်းပိုင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲ ဖြစ်နေကြောင်း၊ သြဂုတ်လနောက်ဆုံအပတ်အထိ စာရင်းအရ စစ်ဘေးရှောင် ဦးရေတစ်ထောင် အထက်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသည့် Mon Humanitarian Support Alliance အဖွဲ့ထံမှသိရသည်။







