BREAKING
October 19, 2025

ပိုလန်ထဲ ရုရှားဒရုန်းများ ကျူးကျော်မှု နေတိုးကို သွေးတိုးစမ်းခြင်းဖြစ်ဟု ကန်စစ်ဘက်အရာရှိဟောင်းပြော

September 10, 2025

ဓာတ်ပုံ - Reuters

ပိုလန်လေပိုင်နက်ထဲသို့ ယနေ့ နံနက်အစောပိုင်းက ရုရှားဒရုန်းများ ကျူးကျော်ဝင်ရောက်လာမှုမှာ နေတိုးအဖွဲ့ကို သွေးတိုးစမ်းခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဘက်အဆင့်မြင့်အရာရှိဟောင်း Jim Townsend က ပြောဆိုလိုက်သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် ပိုလန်နယ်နိမိတ်ထဲသို့ ရုရှားဒရုန်းများ ကျူးကျော်ဝင်ရောက်လာမှုမှာ မတော်တဆ မှားယွင်းမှုတစ်ခုအဖြစ် ယူဆရန် ခဲယဉ်း‌ကြောင်း ၎င်းက ဆိုသည်။

“ဒရုန်းတစ်စင်းတည်းဆိုရင် မတော်တဆ မှားယွင်းမှုပဲ။ ဒရုန်းအစင်းရေ အများကြီးဆိုရင်တော့ မတော်တဆ မှားယွင်းတာ မဟုတ်တော့ဘူး” ဟု Jim Townsend က ပြောဆိုသည်။

“ဒါက သွေးတိုးစမ်းတယ်ဆိုတာ ဖြစ်နိုင်တယ်ဆိုတာထက် ပိုပါတယ်။ ဒါဟာ နေတိုးက တုံ့ပြန်ရမယ့် သွေးတိုးစမ်းမှုတစ်ခုပဲ” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

လက်ရှိတွင် ပိုလန်နှင့် နေတိုးက အခြေအနေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်သည်မှာ သတင်းကောင်းဖြစ်ကြောင်း Jim Townsend က ဆိုသည်။

“သူတို့ (ရုရှားဒရုန်းတွေ) ကို ပိုလန်ရေဒါပေါ်မှာ ဖမ်းမိတယ်။ နေတိုးလေယာဉ်တွေ ချက်ချင်းပျံတက်တယ်” ဟု ၎င်းက ပြောသည်။

နေတိုးစစ်မဟာမိတ်အဖွဲ့၏ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် မှန်ကန်သင့်လျော်သည့် တုံ့ပြန်မှု လုပ်ဆောင်ရန် ဖိအားကျရောက်နေပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ်ကလည်း ၎င်းတို့ လေပိုင်နက်ထဲ ဝင်လာသည့် ရုရှားဒရုန်းများကို ပစ်ချလိုက်ရသည့် ယနေ့ နံနက်က ဖြစ်ရပ်သည် နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခု၏ နယ်နိမိတ်ထဲ ပထမဆုံးအကြိမ် ရုရှား၏ ကျူးကျော်မှု ဖြစ်ကြောင်း ပြောဆိုသည်။

ယင်းဖြစ်စဉ်မှာ ရုရှား၏ အကြီးစားအဆင့် ရန်ဆွမှုတစ်ခု ဖြစ်နိုင်ကြောင်း ပိုလန်ဝန်ကြီးချုပ်က ဆိုသည်။

ခြိမ်းခြောက်မှုဖြစ်နိုင်သည့် ရုရှားဒရုန်းအချို့ကို ပိုလန်တိုက်လေယာဉ်မှူးများနှင့် နေတိုးတိုက်လေယာဉ်မှူးများကပါ ပူးပေါင်းပစ်ချခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ပိုလန်တွင် အမေရိကန်တပ်ဖွဲ့များကို တိုးမြှင့်ချထားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၃ ရက်က ထုတ်ဖော်ပြောဆိုထားသည်။

ရုရှား၏ ယူကရိန်းကျူးကျော်စစ် ဆက်လက်ဖြစ်ပွားနေချိန် ပိုလန်သည် ၎င်း၏ လုံခြုံရေးအတွက် အထောက်အပံ့ ဆက်လက်ရရှိနေရေး ကတိကဝတ်များ ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

Source: BBC ၊ CNN