ထာဝယ်မြို့၏ မြို့အဝင်အထွက်ဂိတ်များ၌ စက်တင်ဘာလ ၅ရက်မှ ၁၀ ရက်အထိ ခြောက်ရက်အတွင်း စစ်အာဏာရှင်တပ်၏ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ ခုနစ်ဦးထက်မနည်းရှိကြောင်း မြို့ခံများထံမှ သိရသည်။
ထားဝယ်မြို့အဝင်အထွက် စစ်အာဏာရှင်တပ်၏ ဂိတ်နှစ်ခုဖြစ်သည့် ကမြောကင်းနှင့် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်တို့တွင် ဖမ်းဆီးစုဆောင်းခဲ့ခြင်းဖြစ်ကြောင်း မြိုခံများက ပြောသည်။
ယနေ့ စက်တင်ဘာလလ ၁၀ ရက် နံနက် ၆ နာရီခွဲတွင် ကမြောကင်းတံတားထိပ်၌ လောင်းလုံးမြို့ဘက်မှ ထားဝယ်မြို့ ဘက်သို့ အလုပ်သွားလုပ်ရန်လာသည့် လူငယ်အမျိုးသား လေးဦးကို စစ်အာဏာရှင်တပ် စစ်မှုထမ်းစုဆောင်းရေးအဖွဲ့က ဖမ်းဆီးထားကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံခရီးသွားတစ်ဦးက ဆိုသည်။
“မနက်က ဗွီဂိုး ကားဖြူရှိနေတယ်။ အဲဒါစစ်မှုထမ်းဆွဲတဲ့ကားပဲ။ မနက်က အဲဒီကားလာပြီးတာနဲ့ စစ်မှုထမ်းဖမ်းတာပဲ” ဟု ၎င်းက ပြောဆိုသည်။
ယင်းအပြင် စက်တင်ဘာလ ၅ရက်ကလည်း ကမြောကင်းတံတားတွင် လူငယ်အမျိုးသားနှစ်ဦးနှင့် ပေါက်တိုင်းတံတားတွင် လူငယ်အမျိုး သားတစ်ဦးတို့ကို ဖမ်းဆီး စစ်မှုထမ်းစုဆောင်းခံရကြောင်း မြို့ခံခရီးသွားအချို့၏ ပြောကြားချက်များအရ သိရှိရသည်။
ဖမ်းဆီးခံရသည့် လူငယ်အနက် ခြောက်ဦးမှာ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် နေထိုင်သည့် အသက် ၁၈ နှစ် အထက် လူငယ်များဖြစ်ပြီး အများစုမှာ အလုပ်လုပ်ရန် ထားဝယ်မြို့သို့သွားရောက်ချိန် ဖမ်းဆီးစုဆောင်းခံရသူများဖြစ်ကြောင်း လူငယ်အချို့၏ မိသားစုဝင်များထံမှ စုံစမ်းသိရသည်။
ကျန်တစ်ဦးမှာ ထားဝယ်မြို့ပေါ်တွင် နေထိုင်သူဖြစ်ပြီး သရက်ချောင်းမြို့နယ်ဘက်သို့ သွားစဉ် ပေါက်တိုင်း တံတားဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မြိုခံအချို့ထံမှ သိရသည်။
ထားဝယ်မြို့၏ မြို့အဝင်အထွက် ဂိတ်များတွင် ဇူလိုင်လမှ စက်တင်ဘာလ ၁၀ ရက်အထိ စစ်အာဏာရှင်တပ်၏ အဓမ္မစစ်မှုထမ်းအဖြစ် စုဆောင်းခံရသည့် လူငယ် ၂၀ ကျော်အထိရှိလာပြီဖြစ်သည်။







