BREAKING
October 19, 2025

မြိတ်တွင် ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုးထွက်မှု ပိုမိုဆိုးဝါးလာဟု မြို့ခံများပြော

September 10, 2025

ပုံစာ - မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံတစ်ရုံအားတွေ့ရစဉ် (ပုံဟောင်း)

မြိတ်မြို့တွင် ငါးအမှုန့်ကြိတ်စက်ရုံများက အနံ့ဆိုးထွက်ရှိမှု ပိုမိုဆိုးဝါးလာပြီး တစ်မြို့လုံးနီးပါးတွင် တစ်ရက်လုံးနီးပါး နံနေကြောင်း မြို့ခံများထံမှ သိရသည်။

၂၀၂၃ ခုနှစ်‌ဝန်းကျင်က ငါးအမှုန့်ကြိတ်စက်များက ထွက်သည့် အနံ့ဆိုးများမှာ အချိန်ပိုင်းသာ နံသော်လည်း လက်ရှိအချိန်တွင် တစ်ရက်လုံးနီးပါး အနံ့ရကာ တစ်မြို့လုံးအနှံ့ နံနေကြောင်း မြို့ခံအချို့က ဆိုသည်။

“အဲဒီစက်ရုံ‌တွေနဲ့ဝေးတဲ့ ရပ်ကွက်တွေအထိ နံတာ။ အဲဒီအနံ့ရပြီး လူက နေမကောင်း ဖြစ်ချင်သလိုဖြစ်ပြီး ရင်တွေ ပြည့်တယ်။ အသက်ရှူလည်း မဝဘူး။ အခုရက်ပိုင်းတွေ အနံ့က ပိုဆိုးလာတယ်” ဟု မြိတ်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်က အဆိုပါငါးအမှုန့်ကြိတ်စက်ရုံများနှင့်နီးသည့် တိုးချဲ့မြို့သစ်၊ အင်းလေးမြိုင်ရပ်ကွက်‌ဝန်းကျင်သာ အနံ့ရသော်လည်း နောက်ပိုင်းတွင် မြိတ်မြို့လယ်‌ရှိ ရပ်ကွက်များ အပါအဝင် တစ်မြို့လုံးနီးပါး အနံ့ရနေကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ငါးအမှုန့်ကြိတ်စက်ရုံများသည် ၂၀၀၀ ပြည့်နှစ်ဝန်းကျင် ကတည်းကရှိ‌နေပြီး အနံ့ဆိုးထွက်သည့်အတွက် အစိုးရ အဆက်ဆက် ကိုင်တွယ်ဖြေရှင်းနေရသည့် ပြဿာနာတစ်ခုလည်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်စာရင်းအရ မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်တွင် ငါးအမှုန့်ကြိတ်စက်ရုံ လေးရုံနှင့် မြိတ်တစ်ဖက်ကမ်းရှိ ကျွန်းစုမြို့နယ် ပထော်ပထက်ကျွန်းပေါ်တွင် စက်ရုံ တစ်ရုံ စုစုပေါင်း စက်ရုံငါးရုံရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။

“ထိန်းသိမ်း အရေးယူပေးမယ့်လူတွေ မရှိကြဘူးလားမသိဘူး။ အခုခေတ်က ငွေပေးရင် ကြိုက်တာလုပ်လို့ရတယ် ဆိုပေမယ့် အဲဒီ ငါးပုပ်အနံ့ကို ခံရတဲ့ ပြည်သူ့တွေက သေတော့မယ်။ ကလေးတွေလည်းအသက်ရှုကျပ်။ ကြာလာရင် အဆုတ်‌ထိမှာ” ဟု မြို့သစ်ရပ်နေ မြို့ခံတစ်ဦးက ပြောသည်။

NLD အစိုးရလက်ထက်က မြို့ခံများ၏တိုင်ကြားမှုကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက စက်ရုံအတွင်း ဝင်ရောက် စစ်ဆေးပြီး အရေးယူဆောင်ရွက်မှုအချို့ရှိခဲ့သော်လည်း လက်ရှိတွင် အရေးယူမည့်သူမရှိဘဲ ဖြစ်နေကြောင်း မြို့ခံများက ဆိုသည်။

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင်စက်မှုဇုန်အတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံတို့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ငါးအမှုန့် (Fishmeal) အား ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် တန်ချိန်ငါးသောင်းကျော်ရှိကြောင်း NLD အစိုးရလက်ထက် စာရင်းများအရ သိရသည်။