BREAKING
October 31, 2025

ကာတာတွင် စုဝေးတွေ့ဆုံနေသည့် ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်များကို အစ္စရေးတိုက်ခိုက်

September 10, 2025

ဓာတ်ပုံ - Reuters

ကာတာနိုင်ငံ ၊ မြို့တော်ဒိုဟာတွင် စုဝေးတွေ့ဆုံနေသည့် ဟားမတ်စ်အဖွဲ့၏ ထိပ်တန်းအရာရှိများကို စက်တင်ဘာလ ၉ ရက်နေ့တွင် အစ္စရေးက တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့သည်။

ဟားမတ်စ်အဖွဲ့၏ အဓိကအပစ်ရပ်ညှိနှိုင်းရေးမှူးပါ အဆိုပါ တိုက်ခိုက်မှုတွင် တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ဟားမတ်စ်အဖွဲ့၏ ပြည်ပရောက်အကြီးအကဲ Khalil al-Hayya ၏ သားဖြစ်သူ အပါအဝင် လူ ၆ ဦး သေဆုံးကြောင်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်သည်။

အဖွဲ့၏ အပစ်ရပ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့အပါအဝင် ထိပ်သီးခေါင်းဆောင်များမှာ အသက်ရှင်ခဲ့ကြောင်းလည်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ထားသည်။

ဟားမတ်စ်အဖွဲ့၏ နောက်ဆုံးကျန်ရှိနေသေးသည့် အမာခံခြေကုပ်နေရာကို သိမ်းပိုက်ရန် အကြီးစား စစ်ဆင်ရေးဆောင်ရွက်မည်ဖြစ်၍ အဆိုပါ ဧရိယာမှ ဒေသခံအားလုံး ထွက်သွားကြရန် အစ္စရေးဘက်က သတိပေးချက် ထွက်ပေါ်လာပြီး နာရီပိုင်းအကြာတွင် ဒိုဟာတိုက်ခိုက်မှုဖြစ်စဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ဧရိယာတွင် ပါလက်စတိုင်းဒေသခံ ထောင်ပေါင်းများစွာမှာ အငတ်ဘေးဆိုက်ရောက်နေသည့် အခြေအနေတွင် ရှင်သန်နေရကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။

အစ္စရေးက အဆိုပါ ဒိုဟာ တိုက်ခိုက်မှုမတိုင်မီ ၎င်းတို့ကို ကြိုတင်အသိပေးခဲ့ကြောင်း အမေရိကန် အိမ်ဖြူတော်အရာရှိများက အတည်ပြုပြောဆိုထားသည်။

ကာတာသည် အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်ရပ်ရေးအတွက် အဓိကကြားဝင်ဖြန်ဖြေ ပေးနေသည့် နိုင်ငံဖြစ်သလို ၊ အရှေ့အလယ်ပိုင်းဒေသတွင်း အမေရိကန်၏ အရေးပါသည့် မဟာမိတ်နိုင်ငံတစ်ခုလည်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုသည် အစ္စရေး သို့မဟုတ် အမေရိကန်၏ ရည်မှန်းချက်များ နောက်တစ်ဆင့် မရောက်စေကြောင်း အမေရိကန်အစိုးရအိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

အစ္စရေး၏ တိုက်ခိုက်မှုတွင် ၎င်းပါဝင်ပတ်သက်ခြင်း မရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လူမှုကွန်ရက်ပေါ်တွင် ပြောဆိုထားသည်။

“ဒါက ဝန်ကြီးချုပ်နေတန်ညာဟုရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုအကြောင်း ကာတာကို ကြိုတင်သတိပေးရန် ကြိုစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် အင်မတန် နောက်ကျသွားခဲ့သည်ဟု ထရမ့်က ဖြည့်စွက်ပြောဆိုခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုအကြောင်း အမေရိကန်၏ သတိပေးချက်ကို ဒိုဟာမြို့တွင် ပေါက်ကွဲသံများ ထွက်ပေါ်လာချိန်မှသာ ၎င်းတို့ လက်ခံရရှိခဲ့သည်ဟု ကာတာအစိုးရအရာရှိများက Reuters သတင်းဌာနကို ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အမေရိကန်၏ အရှေ့အလယ်ပိုင်း အဓိကမဟာမိတ်နှစ်ဦးဖြစ်သည့် အစ္စရေးနှင့် ကာတာအကြား သံတမန်ရေးတင်းမာမှုဖြစ်လာပြီး ယင်းကိုလျှော့ချရန် အမေရိကန်က ကြိုးစားနေပုံပေါ်သည်ဟု The Guardian သတင်းတွင် ဖော်ပြသည်။

အစ္စရေးသည် ငြိမ်းချမ်းရေးအတွက် အခွင့်အရေးများကို ထိခိုက်စေခဲ့သည်ဟု ကာတာဝန်ကြီးချုပ် Sheikh Mohammed bin Abdulrahman Al Thani က အပြစ်တင်ဝေဖန်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုသည် နိုင်ငံတော်အကြမ်းဖက်မှုကို လုပ်ဆောင်နေကြောင်း ၎င်းက ပြင်းပြင်းထန်ထန် ဝေဖန်သည်။

“ကာတာအနေနဲ့ ဒီလို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်လာမှုကို တုံ့ပြန်ဖို့ အခွင့်အရေးရှိတယ်။ ကာတာအနေနဲ့ ဒီလို တုံ့ပြန်ဖို့ လိုအပ်တဲ့ အစီအမံအားလုံး ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

သို့သော် ကာတာအနေဖြင့် ဂါဇာအပစ်ရပ်ဆွေးနွေးပွဲများတွင် ဆက်လက်ကြားဝင် ကူညီပေးသွားမည်ဟုလည်း ကာတာဝန်ကြီးချုပ်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် အစ္စရေးသည် ကာတာ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခဲ့ကြောင်း အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Ahmed Aboul Gheit က ရှုတ်ချပြောဆိုခဲ့သည်။

Source: The Guardian