BREAKING
October 19, 2025

ပိုလန်လေပိုင်နက်အတွင်း ရုရှားဒရုန်းများ ဝင်ရောက်လာ၊ ဥရောပကို ရုရှားက ရန်ဆွမှု ဖြစ်လာနိုင်

September 10, 2025

ဓာတ်ပုံ - Jaap Arriens/NURPHO/Associated Press/File ပုံစာ - ပိုလန်နိုင်ငံ မြို့တော်ဝါဆောရှိ ချိုပင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်။

ပိုလန်လေပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်လာခဲ့သည့် ရုရှားဒရုန်းများကို ၎င်းတို့ ပစ်ချခဲ့ကြောင်း ပိုလန်စစ်တပ်က ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ အစောပိုင်းတွင် ထုတ်ပြန်လိုက်သည်။

ပိုလန်၏ အိမ်နီးချင်း ယူကရိန်းအပေါ် ရုရှားက အကြီးစားတိုက်ခိုက်မှု လုပ်ဆောင်နေစဉ်အတွင်း အဆိုပါ ရုရှားဒရုန်းများ ပိုလန်လေပိုင်နက်အတွင်း ဝင်ရောက်လာခြင်းဖြစ်သည်။

ပိုလန်သည် နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတစ်ခု တိုက်ခိုက်ခံရလျှင် ကျန်အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်ခိုက်ခြင်းဖြစ်သည်ဆိုသော အချက်မှာ နေတိုးအဖွဲ့၏ အခြေခံမူပင် ဖြစ်သည်။

ယင်းမှာ ဥရောပအပေါ် ရုရှား၏ အဓိကရန်ဆွမှုတစ်ခု ဖြစ်လာနိုင်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

“ပစ်ချလိုက်တဲ့ (ဒရုန်း) အစိတ်အပိုင်းတွေကို တည်နေရာရှာဖို့အတွက် ဆောင်ရွက်မှုတွေ လျှင်လျှင်မြန်မြန် လုပ်ဆောင်နေပါတယ်။ လက်နက်တွေကို တပ်ဖြန့်ချထားပါတယ်” ဟု ပိုလန်စစ်ရေးကွပ်ကဲမှုဌာန၏ X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

ယင်းနှင့် ဆက်စပ်၍ စစ်ရေးလှုပ်ရှားမှုတစ်ခု ဆောင်ရွက်နေပြီး ဒေသခံများအနေဖြင့် အိမ်တွင်း၌သာ နေထိုင်ကြရန် ပိုလန်စစ်တပ်က တိုက်တွန်းထားသည်။

အဆိုပါ ပစ်ချခံလိုက်ရသည့် ဒရုန်းပစ္စည်းအမျိုးအစားများနှင့် ပတ်သက်၍ နောက်ထပ်အချက်အလက်များကိုမူ ဖော်ပြထားခြင်း မရှိပေ။

ပိုလန်လေပိုင်နက်အပိုင်းတွင်းသို့ဝင်ရောက်ခဲ့သည့် ရုရှားဒရုန်းများအကြောင်း ၎င်းထံ အစီရင်ခံထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက CNN သတင်းဌာနကို ပြောကြားခဲ့သည်။

ယင်းနှင့် ပတ်သက်၍ အမေရိကန်ဘက်က အသေးစိတ်ထပ်မံပြောကြားခြင်း မရှိသေးပေ။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ပိုလန်အာဏာပိုင်များက ဝါဆောအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်ချခဲ့သည်။

ရုရှားဒရုန်းများ ဖြတ်ကျော်ဝင်ရောက်လာမှုသတင်းကြောင့် ပိုလန်စစ်ဘက်ဆိုင်ရာ လေယာဉ်များနှင့် နေတိုးလေယာဉ်များ ချက်ချင်းအရေးပေါ်ပျံတက်ခဲ့ကြကြောင်း ပိုလန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ရုရှားက ယူကရိန်းအပေါ် အကြီးစားတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ပိုလန်၏ လေကြောင်းရန်ကာကွယ်ရေးနှင့် ရေဒါထောက်လှမ်းရေးစနစ်များမှာ အနိုးကြားဆုံး အနေအထားတွင် ရှိနေကြောင်း ပိုလန်စစ်တပ်က ထုတ်ပြန်ထားသည်။

ပိုလန်လေပိုင်နက်အတွင်းသို့ ဒရုန်းအစင်း မည်မျှဝင်ရောက်လာခဲ့သည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အဆိုပါ ဒရုန်းများ ပိုလန်နိုင်ငံ မည်သည့်အရပ်သို့ ဦးတည်ဝင်ရောက်လာသည်ဆိုသည်နှင့် ပတ်သက်၍ လည်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားခြင်း မရှိပေ။

Source: CNN