တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူအချို့ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၁၀ရက် နံနက် ၉နာရီဝန်းကျင်တွင် တမုတ်ချုံးရွာ၌ တပ်စွဲထားသည့် စစ်အာဏာရှင်
တပ်သားများသည် တော်လှန်ရေးတပ်ဖွဲ့များရှိရာသို့ စစ်ကြောင်းထိုးလာသဖြင့် တစ်ရက်လုံးနီးပါး တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“သူတို့ဘက်ကနေ စစ်ကြောင်းထိုးနေတာ ၃ ရက်ရှိပြီ။ တိုက်ပွဲက တအားကြမ်းနေတယ်လို့ ပြောတယ်။ ရဲဘော်တွေတော့ ဒဏ်ရာရထားသူရှိတယ်။ တိုက်ပွဲက အခုအထိဖြစ်နေတယ်” ဟု အထက်ပါနီးစပ်သူက ယနေ့ညနေ ၃နာရီဝန်းကျင်တွင် ပြောသည်။
စစ်ကြောင်းထိုးနေသည့် ၃ ရက်တာကာလအတွင်း ယနေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
တမုတ်ချုံးရွာတွင် စစ်ဆေးရေးဂိတ်ချပြီး တပ်စွဲနေသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက ဩဂုတ်လ ၄ ရက်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာမှ တော်လှန်ရေးတပ်များရှိရာသို့ စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
ယနေ့တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်သားများ ထိခိုက်မှုကို အသေးစိတ်မသိရသေးသလို တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သဖြင့် တော်လှန်တပ်ဖွဲ့ဝင်များ၏ ထိခိုက်မှုအခြေအနေကို ပြောဆို၍မရသေးကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
ဩဂုတ်လ ၉ရက် ညကလည်း တနင်္သာရီမြို့ဘက်ရှိ စစ်အာဏာရှင်တပ်က တမုတ်ချုံးရွာနှင့် အနီးရှိရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို ဘန်းလမွတ်ရွာထဲကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့ကြောင်း ဘန်းလမွတ်ရွာဒေသခံတစ်ဦးက ပြောဆိုသည်။
“ဘန်းလမွတ်ရွာထဲကို လက်နက်ကြီးနဲ့ သေနတ်ငယ်တွေပစ်လို့ ရွာထဲ နေနေကြတဲ့ ရွာသားတွေ ရှောင်လိုက်ရတယ်။ လျှောက်ရမ်းပစ်နေတယ်”ဟု အထက်ပါဒေသခံက ပြောသည်။
ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုရွာတွင် ဩဂုတ်လ ၇ရက်က တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦး ဒဏ်ရာရခဲ့သည်။