စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်နှင့် ထိပ်တိုက်တိုးသည့် လောင်းလုံးဒေသခံ အမျိုးသားသုံးဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
သြဂုတ်လ ၉ရက် မွန်းလွဲ ၂ နာရီခန့်တွင် အင်အား ၃၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် လောင်းလုံးမြို့မှ ပြင်းထိန်ရွာသို့ စစ်ကြောင်းထိုးလာကြောင်း ပြင်းထိန်ရွာခံတစ်ဦးက ပြောသည်။
“စစ်တပ် ဝင်လာနေတယ်ကြားလို့ အိမ်ကို ပြေးတာ။ အဲဒါကို လမ်းမှာသွားတိုးမိပြီး အဖမ်းခံလိုက်ရတာ” ဟု ၎င်းက ဆိုသည်။
အဖမ်းခံရသူသုံးဦးမှာ အသက် ၃၀နှင့် ၄၀ ကြားအရွယ်များဖြစ်ကြပြီး ပြင်းထိန်ရွာခံနှစ်ဦးနှင့် လောင်းလုံးမြို့ခံတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ပန်းရံလုပ်နေရာက ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်သည့် ပြင်းထိန်ရွာသား ကိုဖြိုးမောင်မောင်သည် လောင်းလုံးမြို့နှင့် ပြင်းထိန်ရွာကြားတွင် ဖမ်းဆီးခံရပြီး ပြင်းထိန်ရွာသား ကိုမင်းကိုနိုင်သည် နေအိမ်အနီးတွင် ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ပြောဆိုသည်။
လောင်းလုံးမြို့ခံ အမျိုးသားတစ်ဦးမှာ ပြင်းထိန်ရွာအဝင်ရှိ အရက်ဆိုင်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်း၏ အမည် စသည့် ကိုယ်ရေးအချက်အလက်တို့ကိုမူ မသိရကြောင်း ဒေသခံအချို့က ပြောသည်။
အဆိုပါအရက်ဆိုင်တွင် အမျိုးသား သုံးဦးကို ဖမ်းဆီးခဲ့ရာ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးအပါအဝင် နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး လောင်းလုံးမြို့ခံတစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြင်းထိန်ရွာခံ အမျိုးသားတစ်ဦးက ဆိုသည်။
“လွှတ်ခဲ့တဲ့အထဲက တစ်ယောက်ကိုလည်း တော်တော်ရိုက်ခဲ့တာ။ မထနိုင်တော့လို့ အိမ်ကိုတောင် လိုက်ပို့ပေးလိုက်ရတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် အမျိုးသားသုံးဦးကို ဖမ်းဆီးပြီးနောက် ညင်းမော်ကျေးရွာဘက်သို့ ထွက်ခွာသွားပြီး ညနေပိုင်းတွင် လောင်းလုံးမြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာကြောင်း လောင်းလုံးမြို့ခံအချို့ထံမှ သိရသည်။
ဖမ်းဆီးထားသူသုံးဦးကို မည့်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမူ အတိအကျမသိရသေးကြောင်း အထက်ပါ ပြင်းထိန်ရွာခံက ပြောဆိုသည်။
“ရဲစခန်းမှာပဲ ဖမ်းထားဖို့များတယ်။ မိသားစုဝင်တွေနဲ့လည်း တွေ့လို့မရသေးဘူးကြားတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့်နှစ်ပတ်အတွင်း ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် လောင်းလုံးဒေသခံ လူငယ်အချို့ကို ဖမ်းဆီးခဲ့ပြီး အချို့ကို စစ်မှုထမ်းခိုင်းရန် ပြင်ဆင်နေသည်။