BREAKING
October 18, 2025

နတ်အိမ်တောင် ပွိုင့် ၁၅၀၀ အမြောက်ကုန်းစခန်းက စစ်အာဏာရှင်တပ်သားတစ်ဦး KNU ထံ ဘက်ပြောင်း

August 10, 2025

ပုံစာ - စစ်အာဏာရှင်တပ်ဘက်မှ KNU ဘက်သို့ ဘက်ပြောင်းလာသည့် ရဲဘော်။ ဓာတ်ပုံ - KNU

ရေဖြူမြို့နယ် ထိုင်း-မြန်မာနယ်စပ် နတ်အိမ်တောင်ဒေသရှိ ပွိုင့် ၁၅၀၀ အမြောက်ကုန်းစခန်းက အသက် ၂၅ နှစ်အရွယ် စစ်အာဏာရှင်တပ်သားတစ်ဦးသည် သြဂုတ်လ ၉ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ထံ ဘက်ပြောင်းခိုလှုံလာကြောင်း KNU က သတင်းထုတ်ပြန်သည်။

ဘက်ပြောင်းခိုလှုံလာသူမှာ နတ်အိမ်တောင်ဒေသတွင် ရှေ့တန်းတာဝန်ကျနေသည့် လောင်းလုံးမြို့နယ်အခြေစိုက် စစ်အာဏာရှင်တပ်၏ ခလရ ၁၀၄ တပ်ရင်းက တပ်သား မင်းထက်နိုင်ဖြစ်ပြီး လက်နက်နှင့်အတူ ထွက်ပြေးလာကာ KNU တပ်မဟာ ၄ ၊ တပ်ရင်း ၁၀ ထံသို့ ဘက်ပြောင်းခဲ့ကြောင်း KNU ထံမှ သိရသည်။

ပြီးခဲ့သည့်လက ဘက်ပြောင်းခိုလှုံခဲ့သည့် ဗိုလ်ကြီးတစ်ဦး၏ ချိတ်ဆက်ပေးမှုဖြင့် ထွက်ပြေးခိုလာလှုံလာခြင်းဖြစ်ကြောင်း ကာယကံရှင်တပ်သား၏ ပြောကြားချက်ကို ကိုးကား၍ KNU မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

စစ်အာဏာရှင်တပ်၏ ရပ်တည်ချက်များကို မနှစ်သက်တော့သဖြင့် ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဇူလိုင်လအတွင်းကလည်း နတ်အိမ်တောင် နယ်စပ်စခန်းကုန်းနှင့် ပွိုင့် ၁၅၀၀ အမြောက်ကုန်းတို့တွင် တာဝန်ကျနေသည့် ခလရ ၂၈၂ စစ်အာဏာရှင်တပ်ရင်းက ဗိုလ်ကြီးမျိုးဆွေဦး ၊ ခလရ ၁၀၄ တပ်ရင်းက ဗိုလ်ကြီးဇော်ဇော်အောင်နှင့် အခြား တပ်သား အဆင့် နှစ်ဦးတို့ ဘက်ပြောင်းခဲ့သေးကြောင်း ပဒိုစောအယ်နားက ပြောဆိုသည်။

နှစ်ဖက် စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်ဖြစ်နေကာ စစ်ရေးတင်းမာနေသည့် ကာလအတွင်း နတ်အိမ်တောင် ဒေသရှိ စစ်အာဏာရှင်တပ်စခန်း နှစ်ခုကထွက်ပြေးကာ ဘက်ပြောင်းခိုလှုံသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ငါးဦးရှိပြီဖြစ်ကြောင်း KNU ထံမှ သိရသည်။

“လောလောဆယ်ကတော့ (ဘက်ပြောင်းလာသူ) ငါးယောက်ရှိပြီ။ ပွိုင့် ၁၅၀၀ စခန်းက နယ်စပ်စခန်းတော့ မဟုတ်ဘူး။ တောင်ခြေမှာ အမြောက်တပ်စခန်းကုန်းတစ်ခုရှိတယ်။ အဲဒါ ပွိုင့် ၁၅၀၀ စခန်းလို့ခေါ်တယ်” ဟု ပဒိုစောအယ်နားက ဆိုသည်။

နတ်အိမ်တောင်ဒေသရှိ စစ်အာဏာရှင်တပ်၏ စခန်းကုန်းနှစ်ခုစလုံးတွင် စစ်အာဏာရှင်တပ်သားများရှိနေဆဲ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းစခန်းနှစ်ခုသို့ စစ်ကူလာသည့် စစ်ကြောင်းကို ဇူလိုင်နှင့် သြဂုတ်လအတွင်း KNUနှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သဖြင့် စစ်ကြောင်း ပြန်လှည့်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ထားဝယ်ခရိုင်အတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်အာဏာရှင်တပ်စခန်းများဖြစ်သည့် ထီးခီး၊ ဗောဓိ၊ ငါးရံ့နီစခန်းများကို KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းယူထားပြီးဖြစ်သည်။

နောက်ဆုံးလက်ကျန် စခန်းဖြစ်သည့် နတ်အိမ်တောင် အနီးဝန်းကျင်တွင်မူ စစ်အာဏာရှင်တပ်ဘက်က အင်အားပြန် ဖြည့်ရန်ကြိုးပမ်းနေသလို တော်လှန်ရေးတပ်များကလည်း ပိတ်ဆို့တိုက်ခိုက်ထားနိုင်ဆဲဖြစ်ပြီး စစ်ရေးတင်းမာနေသည့် အခြေအနေတွင် ရောက်ရှိနေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။