စစ်တပ်က တိုင်းပြည်အာဏာကို မတရားအာဏာသိမ်းယူပြီးကတည်းက တလျှောက်လုံး ပြောလာတဲ့ စကားတစ်ခွန်းရှိတယ်။
ဒီစကားကတော့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာပါပဲ။ ဒါပေမဲ့ စစ်တပ်ဟာ လေးနှစ်ကျော်ကာလအထိ ရွေးကောက်ပွဲကိုမလုပ်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ အခုတော့ စစ်ကော်မရှင်ကိုဆိုပြီး အမည်ပြောင်းထားတဲ့ စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲကို ဒီနှစ်ကုန် ဒါမှမဟုတ် လာမယ့်နှစ်ဦးမှာ ကျင်းပသွားမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အတည်ပြုလိုက်ပါတယ်။
ဒီလိုအတည်မပြုခင်ကတည်းက စစ်ကောင်စီဟာ တနိုင်ငံလုံးမှာ၊ အထူးသဖြင့် သူတို့ ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာတွေမှာ သန်းခေါင်းစာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကောက်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ကောက်ယူခဲ့ပြီး ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်ခဲ့တယ်။ အဲဒီအဲဒီစာရင်းအရ တနင်္သာရီတိုင်းဒေသကြီးမှာလည်း ကောက်ယူခဲ့ပြီး မြေပြင်ကောက်ယူမှုနှင့် ခန့်မှန်းတွက်ချက်မှု ဆိုတဲ့ ကောက်ယူမှုပုံစံနှစ်မျိုးကို အသုံးပြုထားပါတယ်။
တနင်္သာရီတိုင်းမှာ မြေပြင်ကောက်ယူရရှိသည့်လူဦးရေ ၇၇၃,၂၄၉ ဦး ရှိပါတယ်။ မကောက်ယူနိုင်ဘဲ ခန့်မှန်း တွက်ချက်ထားသည့် လူဦးရေမှာ ၆၀၇,၃၁၈ ဦးရှိတယ်။ ဒီတော့ စုစုပေါင်း ၁,၃၈၀,၅၆၇ ဦး ရှိတယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။ ဒီအချက်အလက်ဟာ လက်တွေ့မြေပြင်နဲ့ ကွာဟမှု ရှိမှာ အသေအချာ ပါပဲ။
ဒီအချက်အလက်အရ စစ်ကောင်စီ ဟာ တနင်္သာရီတိုင်းမှာ ၅၆ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထား နိုင်တယ်။ အထူးသဖြင့် မြို့ပေါ်တွေကိုပဲ အဓိက ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။
တဆက်တည်းမှာပဲ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမယ့် နေရာတွေနဲ့ မကျင်းပနိုင်မယ့် နေရာတွေ (တနည်းအားဖြင့် စစ်ကောင်စီ စစ်ရှုံးနေတဲ့ မြို့နယ်တွေကို အရေးပေါ်အခြေအနေဆိုပြီး ထုတ်ပြန်လာ) ကို တွေ့ရပါတယ်။
ဒီ အရေးအပေါ် အခြေအနေ ထုတ်ပြန်တဲ့ မြို့နယ်တွေရဲ့ စာရင်းကို ကြည့်တဲ့အခါ တနင်္သာရီတိုင်းထဲက မြို့နယ်တစ်ခုမှ ပါမလာတာကို တွေ့ရပါတယ်။
သဘောကတော့ တနင်္သာရီတိုင်းမှာ အတုအယောင်ရွေးကောက်ပွဲကို တစ်တိုင်းလုံးအနေအထား ရာနှုန်းပြည့် ကျင်းပသွားမှာဖြစ်တယ်။
စစ်ကောင်စီ တနင်္သာရီတိုင်းရွေးကော်ကလည်း တစ်တိုင်းလုံးမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ဆိုထားပါတယ်။ တကယ်တမ်း စကစဟာ တနင်္သာရီတိုင်းမှာ ရာနှုန်းပြည့် ထိန်းချုပ်ထား နိုင်တာ မဟုတ်ပါဘူး။
စစ်ကောင်စီက လုပ်မဲ့ ဒီအဖြစ်သဘော ရွေးကောက်ပွဲ၊ ဒါမှ မဟုတ် အတုအယောင် ရွေးကောက်ပွဲဟာ တော်လှန်ရေး မြန်မြန်အောင်ဖို့အတွက် အဟန့်အတားတစ်ခု ဖြစ်တယ်။ စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရွေးကောက်ပွဲမှ တစ်ဆင့် ရယူဖို့ ကြိုးစားတာဖြစ်တယ်။
တရုတ်၊ ရုရှား အပါအဝင် နိုင်ငံတချို့ဟာ ဒီအတုအယောင် ရွေးကောက်ပွဲရလဒ်အပေါ် မူတည်ပြီး စစ်ကောင်စီကို အနှေးနဲ့အမြန် အသိအမှတ်ပြုလာနိုင်တယ်။
တဖက်ကို ကြည့်ရင် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုရထားတာက မေးခွန်းတစ်ခု ဖြစ်လာတယ်။ စစ်ကောင်စီသာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရသွားရင် တော်လှန်ရေးဟာ အောင်မြင်ဖို့ ပိုပြီး စိန်ခေါ်မှု ကြီးသွားပါပြီ။
ဆိုတော့ ဒီအတုအယောင် ရွေးကောက်ပွဲကို တော်လှန်ရေး အင်အားစုအသီးသီးဟာ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ လိုပါတယ်။
တနင်္သာရီတိုင်းမှာ မြို့နယ် ဆယ်မြို့နယ်ရှိပြီး နယ်စပ်ဒေသများကို KNU က ထိန်းချုပ်ထားတာ ဖြစ်တယ်။ တော်လှန်ရေးအင်အားစုများကလည်း မြို့နယ်တချို့မှာ နယ်မြေစိုးမိုး၊ ခြေကုပ်ယူ ထားကြပြီးသား ဖြစ်တယ်။
စစ်ကောင်စီက တချို့မြို့နယ်တွေ (အထူးသဖြင့် မြိတ်၊ ကျွန်းစု၊ ဘုတ်ပြင်း၊ ကော့သောင်း)နဲ့ မြို့ပေါ်တွေကိုသာ ကြီးကြီးမားမား ထိန်းချုပ်ထားနိုင်တာ ဖြစ်တယ်။
သေချာတာက KNU ထိန်းချုပ်ထားတဲ့နယ်မြေမှာဖြစ်စေ၊ တော်လှန်ရေးအင်းအားစုတွေ စိုးမိုး ခြေကုပ်ယူထားတဲ့ နေရာများမှာဖြစ်စေ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝ ကျင်းပလို့ မရပါဘူး။
အတုအယောင်ရွေးကောက်ပွဲကို သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ၊ မြို့ပေါ် ဧရိယာတွေမှာသာ လုပ်လို့ရမှာဖြစ်တယ်။ ဒါကြောင့်လည်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်နယ်မြေတွေ ပြန်လည်တိုးလာဖို့နဲ့ ထိန်းချုပ်ထားပြီးသား ဧရိယာတွေမှာ အဆင်ပြေပြေ ကျင်းပနိုင်ဖို့ အသန်းအသန် ကြိုးစားနေတာဖြစ်တယ်။
စစ်ကောင်စီဟာ သူတို့ ထိန်းချုပ်ထားတဲ့ ဧရိယာတွေမှာရှိတဲ့ ပြည်သူတွေကို ရွေးကောက်ပွဲ ဖြစ်စဉ်ထဲ အတင်းအကြပ် (မဖြစ်မနေ) ပါဝင်ခိုင်းမယ့် အနေအထားဖြစ်ပါတယ်။ ဒီအကြပ်အတည်းဟာလည်း ပြည်သူလူထုအတွက် ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်လာဦးမှာပါ။
တနင်္သာရီတိုင်းရဲ့ တော်လှန်ရေးအစုအဖွဲ့တွေကို ကြည့်ရင် လက်နက်ကိုင်အစုအဖွဲ့တွေ (EROs, NUG, LDF)၊ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ သမဂ္ဂတွေ၊ သပိတ်အစုအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ CDM အစုအဖွဲ့တွေ၊ အမျိုးသမီး၊ လူငယ် အစုအဖွဲ့တွေ၊ တိုင်းရင်းသားအခြေပြု အစုအဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ စသဖြင့် တွေ့ရပါတယ်။ ဒီအစုအဖွဲ့ အသီးသီးဟာ တော်လှန်ရေးမှာ သူ့အစုအဖွဲ့နဲ့သူ၊ သူ့ကဏ္ဍနဲ့သူ လှုပ်ရှားဆောင်ရွက်နေကြတယ်။
ဒါပေမဲ့ တော်လှန်ရေးကာလအတွင်း တစုတစည်းတည်း ပူးပေါင်းဆောင်ရွက်တာမျိုး တခါမှ မတွေ့ရပါဘူး။ တစုတစည်းဆောင်ရွက်ကြဖို့ လိုအပ်လားလို့မေးရင် အမြဲတမ်း မလိုအပ်ပေမယ့် လိုအပ်တဲ့ အခြေအနေတွေမှာတော့ ပူးပေါင်းကြပြီး တစုတစည်းတည်း ဆောင်ရွက်ကြဖို့ လိုပါတယ်။ စစ်ကောင်စီ ကျင်းပမယ့် ဒီအတုအယောင် ရွေးကောက်ပွဲ အခြေအနေမျိုးဟာ တော်လှန်ရေးအစုအဖွဲ့အသီးသီးက စုစည်းပြီး ပူးပေါင်းဆောင်ရွက်ရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာရှိတဲ့ ပြည်သူလူထုအတွက် ကြီးမားတဲ့ အကြပ်အတည်း ဖြစ်လာစေမယ့် စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထုလှုပ်ရှားမှု နည်းနာများ အပါအဝင် နည်းလမ်းမျိုးစုံ၊ ကဏ္ဍပေါင်းစုံနဲ့ ဆန့်ကျင် ကန့်ကွက်ကြဖို့လိုပါတယ်။
တော်လှန်ရေးကိုမျက်နှာမူပြီး၊ ပြည်သူလူထုကို မျက်နှာမူပြီး တော်လှန်ရေးအစုအဖွဲ့အသီးသီးဟာ ပေါင်းစည်းပြီး၊ စုစည်းပြီး လုပ်ဆောင်သင့်ပါတယ်၊ လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ ဒီလို ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။
တော်လှန်ရေးအင်အားစုအသီးသီးအတွက် အချိန်အများကြီးမရတဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို အမြန်ဆုံး ပူးပေါင်း ဆန့်ကျင်ကြဖို့လည်း တိုက်တွန်းပါတယ်။
နောင်မှိုင်းဝေ