BREAKING
October 19, 2025

စစ်အာဏာရှင်တပ်က ပလမြို့ရှိနေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ

August 10, 2025

ပုံစာ - ပလမြို့တစ်နေရာအားတွေ့ရစဉ်(ပုံဟောင်း)

စစ်အာဏာရှင်တပ်သားများက ပုလောမြို့နယ် ပလမြို့ရှိနေအိမ်များကိုဖောက်ထွင်းပြီး တန်ဖိုးကြီး ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် စားသောက်ကုန်များကို ပလရဲစခန်းသို့ သယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ပလမြို့တွင် ဇူလိုင်လ ၂၄ရက်နေ့ကစပြီး စစ်အာဏာရှင်တပ်နှင့်‌တော်လှန်ရေးတပ်များအကြား ရက်ရှည်တိုက်ပွဲပြင်းထန်နေသည့်အတွက် မြို့ခံများက နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရသည်။

ထိုကြောင့် ဩဂုတ်လ ၃ ရက်နေ့မှစကာ စစ်အာဏာရှင်တပ်သားများက ပလမြို့အတွင်းရှိ လူနေအိမ်အချို့တွင် တပ်စွဲနေထိုင်နေကြကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

ထိုသို့ တပ်စွဲနေထိုင်သည့် စစ်အာဏာရှင်တပ်သားများက နေအိမ်၊ ကုန်စုံဆိုင်တံခါးများကို ရိုက်ဖျက်ကာ ပစ္စည်းများ စိတ်ကြိုက်ယူဆောင်နေကြောင်း ၎င်းက ပြောသည်။

“အိမ်တွေထုဖွင့်‌ ကုန်စုံဆိုင်တွေထုဖွင့်ပြီး လိုက်ယူနေတာ လေးရက်လောက်ဖြစ်ပြီ။ နေ့ဘက်ပစ္စည်းတွေ အိမ်‌ရှေ့မှာပုံပြီး ညဘက်ကျမှ ကားနဲ့လာတင်ပြီး ရဲစခန်းကို သယ်တယ်”ဟု အထက်ပါ မြို့ခံက ဆိုသည်။

ပလမြို့တိုက်ပွဲအတွင်း ဘေးလွတ်ရာထွက်မပြေးသည့် ဒေသခံအချို့လည်းရှိသည့်အတွက် ထွက်မပြေးသည့် မြို့ခံနှစ်ဦးကို ပစ္စည်းများသည့်နေအိမ်များကို ညွှန်ပြခိုင်းသည်ဟု သိရကြောင်း မြို့ခံနောက်တစ်ဦးက ပြောသည်။

“ဘုန်ကြီးကျောင်းမှာလည်း ဆိုင်ကယ်တွေ ယူမခင်(ယူဖို့အချိန်မမီ)လို့ ထားခဲ့တာတွေလည်း ပါကုန်ပြီ။ အိမ်တွေမှာရှိတဲ့ ဆိုင်ကယ်တွေလည်း တင်ဆောင် (ယူသွား)ကုန်ပြီ။ ရွှေတွေလည်း ဝင်ဖောက်ယူကုန်တယ်လို့ ကြားရတယ်”ဟု အထက်ပါမြို့ခံက ဆိုသည်။

ပလမြို့တွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်နေသည်မှာ ၁၅ ရက်ကျော်လာပြီ ဖြစ်သည်။