ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း တနင်္သာရီမြို့နယ် သိန်ခွန်းရွာတိုက်ပွဲတွင် ဒဏ်ရာရထားသည့် စစ်အာဏာရှင်တပ်သားများကို တနင်္သာရီမြို့သို့ ကားဖြင့်ပြန်သယ်စဥ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဩဂုတ်လ ၉ရက် နံနက် ၆နာရီဝန်းကျင်တွင် ဒဏ်ရာရထားသည့် စစ်အာဏာရှင်တပ်သားများကို တင်လာသည့် ကား၂ စီးကို တော်လှန်ရေးတပ်များက သိန်ခွန်းရွာနှင့် ချောင်းနှစ်ပေါက်ရွာကြားတွင် RPG(ပခုံးထမ်းလောင်ချာ)ဖြင့် ပစ်ခတ်ခဲ့ပြီး လက်နတ်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုတွင် တော်လှန်ရေးတပ်ဖွဲ့ ဘက်ကသာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်တပ်ဘက်က ပြန်မပစ်နိုင်ခဲ့ကြောင်း ၄င်းကပြောသည်။
“ကားနှစ်စီးလုံး ပျက်စီးသွားတယ်။သူတို့(စကစ) ပြန်ပစ်ဖို့တောင် မနိုင်တော့ဘူး။ထိခိုက် သေဆုံးတာ များနိုင်တယ်။အရေအတွက်အတိအကျ မသိရသေးဘူး”ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
အဆိုပါ ပစ်ခတ်မှုတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်က အထိခိုက်မရှိကြောင်း၊ စစ်ကောင်စီဘက်က အထိအခိုက်များသော်လည်း အသေးစိတ် မသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နောက်တစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သားများ ပစ်ခံရပြီးနောက် ကားနှစ်စီးမှာ ဆက်မောင်း၍မရသည့်အတွက် တိုက်ခိုက်ခံရသည့် နေရာတွင်ရှိနေသေးကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ကားထဲမှာက ဒဏ်ရာရသူတွေတင်လာတယ်။ကားတွေက အပြာရောင်နဲ့အဖြူရောင်တွေ စစ်ကားကို အရောင်ပြောင်းထားကြတယ်။အရင်လို စစ်ရောင်တွေ မသုံးတော့ဘူး”ဟု အထက်ပါ နီးစပ်သူက ပြောသည်။
သိန်ခွန်းရွာရှိ စစ်အာဏာရှင်တပ်ထံ စစ်ကူကား ၈ စီး ဩဂုတ်လ ၅ရက်နေ့တွင်ရောက်လာပြီး ကား ၆ စီးမှာ ၆ ရက်နေ့တွင် ပြန်သွားပြီး ကျန်သည့် ၂ စီးက ဩဂုတ် ၉ ရက်နေ့တွင်မှ ဒဏ်ရာရစစ်ကောင်စီတပ်သားများကို တင်ဆောင်ပြီး တနင်္သာရီမြို့ဘက်သို့ ပြန်လာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။
သိန်ခွန်းရွာဝန်းကျင်သို့ စစ်အာဏာရှင်တပ်သားများ စစ်ကူရောက်လာပြီးနောက် စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် ဩဂုတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။