BREAKING
May 14, 2025

အမည်စာရင်းတင်ထားသော ရွှေ့ပြောင်းလုပ်သားများ နောက်လကုန်အထိ နေထိုင်ခွင့်ပြု

August 10, 2023

အမည်စာရင်း (Name List) တင်သွင်းထားသော ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအပါအဝင် လေးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများကို လာမည့် စက်တင်ဘာလကုန်အထိ နေထိုင်လုပ်ကိုင်ခွင့်ကို သက်တမ်းတိုးပေးကြောင်း အစိုးရအဖွဲ့က အတည်ပြုကြေညာခဲ့သည်။

 သက်တမ်းတိုးအစီအစဉ်ကို အလုပ်သမားဝန်ကြီးဌာနက ကနဦးတင်သွင်းထားခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော အစိုးရအစည်းအဝေးတွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

 ပြီးခဲ့သော ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ တရားမဝင် အလုပ်သမားအုပ်စု သုံးအုပ်စုကို ဇူလိုင်လ ၃၁ ရက်နေ့အထိ ယာယီနေထိုင်လုပ်ကိုင်ခွင့်ရရှိရန် အလုပ်ရှင်ကတစ်ဆင့် အလုပ်သမားစာရင်းကို တင်သွင်းခွင့်ပေးခဲ့သည်။

အုပ်စုသုံးစုတွင် အလုပ်သစ် ရှာမရရှိသေးသူများ သို့မဟုတ် သက်တမ်းတိုးရန် မမှီလိုက်သူများ၊ ဗီဇာသက်တမ်းကျော်လွန်နေသူများ (overstay) နှင့် တရားမဝင် ဝင်ရောက်လာသူများ စသောအလုပ်သမားများ အကျုံးဝင်ခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ အမည်စာရင်း (Name List) တင်သွင်းထားကြခြင်းဖြစ်သည်။

သို့သော်လည်း ယခင်ခွင့်ပြုချက်များတွင် အမည်စာရင်းတင်သွင်းထားသူများကို ဇူလိုင်လ ၃၁ ရက်နေ့အထိသာ နေထိုင်လုပ်ကိုင်ခွင့် ပေးထားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အလုပ်သမားများ တရားဝင်နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်ထပ်မံရရှိစေရန်အတွက် ယခင်ခွင့်ပြုထားသော ဇူလိုင်လမှ အချိန် ၂ လထပ်တိုးကာ စက်တင်ဘာလ ၃၀ ရက်နေ့အထိ နေထိုင်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

 အလုပ်သမားများအား နေထိုင်ခွင့် သက်တမ်းတိုးပေးလိုက်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံရမှုများ လျော့နည်းလာနိုင်သော်လည်း အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ကတ်) ပြုလုပ်ပေးမည့်အစီအစဉ်မှာ ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

 “ကျွန်မက work permit သက်တမ်းတိုးမမီလို့ name list ပြန်တင်လိုက်တာ။ အစက ဇူလိုင်လကုန်အထိပဲ ရမယ်ဆိုတော့ ဘယ်လိုလာမလဲ စောင့်ကြည့်ရင်း ၉ လပိုင်းအထိ တိုးပေးလိုက်တော့ အဆင်ပြေသွားပြီရှင်။ ဘတ် (ပန်းရောင်ကတ်) အသစ်ရိုက်ဖို့က ဘယ်လိုလာမလဲ မသိဘူး” ဟု ၎င်းက ဆိုသည်။

အလုပ်သမားများအနေဖြင့် မိမိတို့ လက်ခံရရှိထားသော အမည်စာရင်းစာရွက်များ (Name List) ကို အထောက်အထားတစ်ခုအဖြစ် အသုံးပြုနိုင်ပြီး ယင်းစာရွက်စာတမ်းဖြင့် စက်တင်ဘာလကုန်အထိ တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုအမည်စာရင်းတင်သွင်းခြင်းအစီအစဉ်တွင် အလုပ်သမားများ၏ အသက် ၁၈ နှစ်အောက် သားသမီးများလည်း အကျုံးဝင်မည်ဖြစ်သည်။