ကမ္ဘာ့ရွှေဈေးထိုးကျနေချိန် ပြည်တွင်းဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ်ရှစ်သောင်းအထိ ထပ်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဩဂုတ်လ ၁၀ ရက်နေ့လယ်အချိန် ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ခြောက်သိန်းလေးသောင်းဖြင့် ဈေးဖွင့်ထားသည်။
ယမန်နေ့ကမူ ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ငါးသိန်းခြောက်သောင်းဖြင့် အရောင်းအဝယ် လုပ်နေခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေးမှာ စံချိန်တင်ထိုးဆင်းနေပြီး တစ်အောင်စလျှင် ၁၉၁၇ ဒေါ်လာသာ ပေါက်ဈေးရှိနေသော်လည်း ပြည်တွင်းရွှေစျေးက အရှိန်ကောင်းကောင်းဖြင့် ဆက်တက်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့ကမူ တစ်အောင်စလျှင် ၁၉၄၃ ဒေါ်လာဈေးပေါက်ခဲ့သည်။
လက်ရှိပြည်တွင်းရွှေဈေးခုန်တက်သွားခြင်းမှာ ကျပ်ငွေတန်ဖိုးကျပြီး ဒေါ်လာဈေးတက်သွားသည့်အတွက် ရွှေဈေးပါ လိုက်တက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“ဒေါ်လာဈေးတက်လို့တဲ့ရှင်၊ ရန်ကုန်မှာ ဝယ်လိုအား များတာလည်းပါမယ်”ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။
အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၃၃၀၀ ကျပ် ဝန်းကျင်မှ ယနေ့တွင် ၃၅၀၀ ကျပ်ဝန်းကျင်အထိရှိပြီး အချိန်နှင့်အမျှ ဈေးအပြောင်းအလဲရှိနေသည်။
စင်ကာပူနိုင်ငံ၏ ဘဏ်ကြီးတစ်ခုဖြစ်သော United Overseas Bank (UOB) ကမြန်မာနိုင်ငံနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုများ အားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဂျပန်အခြေစိုက် Nikkei Asia သတင်းက ဖော်ပြခဲ့သည်။
UOB ဘဏ်မှာ မြန်မာနိုင်ငံရှိ စက်သုံးဆီနှင့် စားအုန်းဆီအပါအဝင် ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စစ်ဗိုလ်ချုပ်များအပါအဝင် စစ်ကောင်စီနှင့်နီးစပ်သူများ အဓိကအသုံးပြုနေသည့် ဘဏ်တစ်ခုဖြစ်သည်။
UOB ဘဏ်၏ ယင်းထုတ်ပြန်ချက်ကြောင့်လည်း မြန်မာကျပ်ငွေတန်ဖိုးမှာ ဆက်လက်ကျဆင်းလာနေသည်။
ယင်းအပြင် ဇူလိုင်လဆန်းက စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို အမေရိကန်က အရေးယူပိတ်ဆို့ခြင်း၊ နှစ်သောင်းကျပ်တန် ငွေစက္ကူထုတ်ဝေမည်ဟု စစ်ကောင်စီက ကြေညာခြင်း တို့ကြောင့်လည်း ကျပ်ငွေတန်ဖိုးကျဆင်းမှုများရှိနေသည်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ရွှေအပါအဝင် အခြေခံကုန်ပစ္စည်းဈေးနှုန်းများ ခုန်တက်သွားခဲ့သည်။
လက်ရှိတွင် ထိုင်းဘတ်ဈေးလည်း တက်နေပြီး ထိုင်းငွေ ၁၀၂၀ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။







