လောင်းလုံးမြို့မရဲစခန်းတွင် ထောက်ခံစာလာယူသူများတွင် CDM ဝန်ထမ်းများပါဝင်သည်ကို စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးမည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောဆိုနေကြောင်း စုံစမ်းသိရှိရသည်။
ဇူလိုင်လ ၈ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်အတွင်း နေထိုင်သည့်ဒေသခံများ ထားဝယ်မြို့ပေါ်သို့သွားချိန်တွင် ထောက်ခံစာပါမှသာ ကမြောကင်းတံတားကို ဖြတ်သန်းခွင့်ပြုမည်ဟု ပြောဆိုထားသဖြင့် လောင်းလုံးရဲစခန်းတွင် ထောက်ခံစာလုပ်သူများဖြင့် သုံးရက်ဆက်တိုက် ပြည့်ကျပ်နေသည်။
လောင်းလုံးမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက ထောက်ခံစာလာယူသူများတွင် CDM လုပ်ထားသူများကို စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးမည်ဟု ပြောဆိုနေကြောင်း ကိုယ်တိုင်ကြုံရသည့် အသက် ၆၀ ခန့်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။
“CDM ဝင်ထားတဲ့လူတွေဆိုရင် လှည့်ပြန်သွားကြဆိုပြီး သူတို့ကြေညာနေတယ်။ မပြန်ဘဲ လာလုပ်ရင်တော့ ဆွဲစိ(ဖမ်းဆီး)မှာပဲဆိုပြီး ပြောတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်သည် CDM လှုပ်ရှားမှု အင်အားအကောင်းဆုံး ဒေသများတွင် တစ်ခုပါဝင်သည်။
ရဲစခန်းကထုတ်ပေးနေသည့် ထောက်ခံစာတွင် အမည်ပါရှိသူသည် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းနှင့် လက်ရှိမှတ်တမ်းများအရ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံသည်ဟု ရေးသားထားသည်ကို Dawei Watch က တွေ့ရသည်။
လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားတွင် ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြုမည်ဟု စစ်ကောင်စီက ကန့်သတ်ထားသလို ထောက်ခံစာသွားယူချိန်တွင်လည်း အဖမ်းခံရမည်ကို စိုးရိမ်နေရကြောင်း ထားဝယ်မြို့ပေါ်သို့ မကြာခဏသွားလာလေ့ရှိသည့် လောင်းလုံးဒေသခံ ကျန်းမာရေး CDM ဝန်ထမ်းတစ်ဦးက ဆိုသည်။
“(မှတ်ပုံတင်ရှိ)အလုပ်အကိုင်မှာလည်း ဝန်ထမ်းဆိုပြီး ဖြစ်နေတယ်။ ဘယ်လိုလုပ်ရမယ်မှန်း မသိသေးဘူး၊ ကိုယ်တိုင်တော့ (ထောက်ခံစာ)သွားမယူရဲဘူး” ဟု ၎င်းက ပြောသည်။
ထို့အပြင် ထောက်ခံစာလာယူသည့် လူငယ်များကိုလည်း ရဲများက တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းနေသည်ကိုတွေ့ရကြောင်း မျက်မြင်တွေ့ရသူအချို့က ဆိုသည်။
“လူငယ်လေးတစ်ယောက်ကို စစ်နေမေးနေတာ တော်တော်ကြာတယ်။ သူဆို မျက်နှာတောင်မဲ့(ငိုလုမတတ်)သွားတယ်။ ခြေတွေ လက်တွေစစ်၊ မျက်နှာတွေမှာလည်းစစ် အမျိုးမျိုးစစ်နေတာ” ဟု မျက်မြင်တွေ့ရသည့်အမျိုးသမီးတစ်ဦးက ပြောသည်။
လောင်းလုံးရဲစခန်းက လက်ရှိထုတ်ပေးနေသည့် ထောက်ခံစာ၏သက်တမ်းမှာ ခြောက်လရှိပြီး မှတ်ပုံတင် မိတ္တူတစ်စောင်၊ သန်းခေါင်စာရင်းမိတ္တူတစ်စောင်နှင့် ပတ်စပို့အရွယ်ဓာတ်ပုံ နှစ်ပုံတောင်းခံကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများက ဖြတ်သန်းသွားလာများကို အချိန်ပြည်စစ်ဆေးနေခြင်းမဟုတ်သလို ပုံမှန်သွားလာနေသည့် ကားသမားနှင့် သုံးဘီးသမားများလည်း ထောက်ခံစာမပါဘဲ သွားလာနေသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။