BREAKING
October 20, 2025

ရေဖြူ မူးဒူးရွာသို့ အရုဏ်တက်ချိန် စစ်ကောင်စီတပ် စစ်ကြောင်းဝင်၊ ဒေသခံအချို့ပိတ်မိ

July 10, 2025

ပုံစာ - မူးဒူးရွာထဲလမ်းတစ်နေရာ (ပုံဟောင်း)

ရေဖြူမြို့နယ်၊ မူးဒူရွာသို့ ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်စောစောပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း ရုတ်တရက် စစ်ကြောင်းထိုး ရောက်ရှိလာသဖြင့် ဒေသခံရွာသားအချို့ ရွာအတွင်း ပိတ်မိလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၁၀၀ ခန့်ရှိသည့် အဆိုပါစစ်ကြောင်းသည် ယနေ့ နံနက် ၄ နာရီခန့်တွင် မူးဒူးကျေးရွာအတွင်းသို့ ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်ကြောင်းက ရုတ်တရက် ရောက်လာတော့ ဘာမှ ပြင်ဆင်ချိန်မရဘူး။ ရွာသား သုံးပုံတစ်ပုံလောက် ကျန်နေသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

မူးဒူးရွာအတွင်းသို့ စစ်ကြောင်း ရုတ်တရက်ရောက်ရှိလာချိန် ကျန်ရှိနေခဲ့သည့် ဒေသခံများမှာ လူလတ်ပိုင်းအရွယ် အမျိုးသမီးအချို့အပါအဝင် သက်ကြီးရွက်အိုနှင့် ကလေးသူငယ်များဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါစစ်ကြောင်းမှာ ထားဝယ်မြို့ဘက်မှ ဇူလိုင်လ ၁ ရက်တွင် မောင်းမကန်ကျေးရွာသို့ စတင်ရောက်ရှိလာခဲ့သည်။

ထို့နောက် မောင်းမကန်ကျေးရွာရှိ ကံယုံဘုန်းတော်ကြီးကျောင်းတွင် ခုနစ်ရက်ကြာတပ်စွဲခဲ့ပြီးနောက် ဇူလိုင်လ ၇ ရက်မှစ၍ တစ်ရွာဝင်တစ်ရွာထွက်ပုံစံဖြင့် စစ်ကြောင်းထိုးလာပြီး ယနေ့ အစောပိုင်းတွင် မူးဒူးကျေးရွာသို့ ရောက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“သေနတ်ပစ်ဖောက်တာမျိုးတွေ မရှိဘူး။ သူတို့ လူမရှိတဲ့အိမ်တွေရော၊ လူရှိတဲ့အိမ်တွေမှာပါ လောလောဆယ် ဝင်ပြီး နေနေတယ်လို့သိရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ရေဖြူဒေသခံများကမူ အဆိုပါ စစ်ကြောင်းမှာ မူးဒူးရွာအနီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရှိသည့် ယာယီစခန်းသို့ သွား ရောက်တပ်စွဲဖွယ်ရှိကြောင်း ပြောဆိုကြသည်။

စစ်ကောင်စီနှင့် ရှရှားအစိုးရတို့ ပူးပေါင်းအကောင်အထည်ဖော်ရန် ပြီးခဲ့သည့်မတ်လက သဘောတူညီထားသည့် ထားဝယ် အထူးစီးပွားရေးဇုန်ဒေသတွင် စစ်ကောင်စီတပ်သည် မေလကစပြီး စစ်ကြောင်းထိုးမှုများ ဆက်တိုက်လုပ်ဆောင် လျက်ရှိသည်။