BREAKING
October 20, 2025

ကုလအထူးကိုယ်စားလှယ်ကို အမေရိကန် အရေးယူပိတ်ဆို့

July 10, 2025

ပုံစာ - ပါလက်စတိုင်းလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ၏ အထူးစီရင်ခံစာတင်သွင်းသူ Francesca Albanese။ ဓာတ်ပုံ - Ritzau Scanpix/Ida Marie Odgaard via REUTERS

ကုလသမဂ္ဂ၏ ပါလက်စတိုင်းလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Francesca Albanese အား ဇူလိုင်လ ၉ ရက်တွင် အမေရိကန်အစိုးရက အရေးယူပိတ်ဆို့လိုက်သည်။

Francesca Albanese သည် အီတလီအမျိုးသမီးရှေ့နေဖြစ်ပြီး အမေရိကန်၏ မဟာမိတ် အစ္စရေးက ဂါဇာတွင် စစ်ဆင်ရေးလုပ်ဆောင်နေသည်နှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူ ဖြစ်သည်။

“ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အထူးအစီရင်ခံစာတင်သွင်းသူ Francesca Albanese ကို ဒီနေ့ ကျွန်တော် အရေးယူပိတ်ဆို့သွားမှာပါ။ အမေရိကန်နဲ့ အစ္စရေးရဲ့ အရာရှိတွေ၊ ကုမ္ပဏီတွေ၊ အမှုဆောင်အရာရှိတွေအပေါ် (နိုင်ငံတကာရာဇဝတ်ခုံရုံးက) အရေးယူလာအောင် လုပ်ဆောင်နေတဲ့ သူမရဲ့ တရားနည်းလမ်းမကျဘဲ ရှက်စရာကောင်းတဲ့ အားထုတ်မှုတွေကြောင့် ဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက ဇူလိုင်လ ၉ ရက်က ပြောသည်။

Francesca Albanese ကမူ တရားမျှတမှုဘက်မှ ခိုင်ခိုင်မာမာ ယုံကြည်ချက်ရှိရှိ ရပ်တည်ခဲ့ခြင်းသာ ဖြစ်ကြောင်း X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဗုဒ္ဓဟူးနေ့က ရေးသားခဲ့သည်။

အဆိုပါ ရေးသားချက်တွင် အမေရိကန်၏ အရေးယူပိတ်ဆို့မှုအကြောင်း တိုက်ရိုက်ရည်ညွှန်းဖော်ပြခြင်း မရှိပေ။

သို့သော် Al Jazeera သတင်းဌာနသို့ ပေးပို့ခဲ့သည့် သူမ၏ မက်ဆေ့ချ်တွင် အမေရိကန်၏ အရေးယူပိတ်ဆို့မှုသည် “မာဖီးယားဆန်ဆန် ခြိမ်းခြောက်သည့် နည်းလမ်းများသာ” ဖြစ်ကြောင်း ဆိုသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက နိုင်ငံတကာအစိုးရများအနေဖြင့် အစ္စရေးကို လက်နက် မရောင်းချရန်၊ အစ္စရေးနှင့် ကုန်သွယ်မှု ရပ်တန့်ရန် Francesca Albanese က တောင်းဆိုထားသည်။

အမေရိကန်၏ မဟာမိတ် အစ္စရေးသည် ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုစစ်ဆင်ရေး ဆင်နွှဲနေသည်ဟု သူမက စွပ်စွဲထားသည်။

အစ္စရေးအစိုးရသည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်များကို ရင်ဆိုင်ရလျက်ရှိသည်။ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင်လည်း စစ်ရာဇဝတ်မှု စွဲချက်များဖြင့် ရင်ဆိုင်ရလျက် ရှိသည်။

အဆိုပါ စွဲချက်များကို အစ္စရေးဘက်က ငြင်းဆန်လျက်ရှိသည်။

၎င်းတို့၏ စစ်ဆင်ရေးများမှာ ၂၀၂၃ အောက်တိုဘာလတွင် ဟားမတ်စ်၏ တိုက်ခိုက်မှုပေါ်လာပြီးနောက်ပိုင်းတွင် မိမိကိုယ်မိမိ ခုခံကာကွယ်ရန် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု အစ္စရေးဘက်က ဆိုသည်။

Source: Reuters