BREAKING
October 20, 2025

ယူကရိန်းသို့ အမေရိကန်လက်နက်ပေးပို့မှု ပြန်လည်စတင်

July 10, 2025

ဓာတ်ပုံ - REUTERS/Thomas Peter

အမေရိကန်က ယူကရိန်းသို့ လက်နက်ကြီးကျည်များနှင့် ရွေ့လျားသယ်ဆောင်နိုင်သည့် မစ်ဆိုင်းဒုံးလက်နက်များ ပေးပို့မှု ပြန်လည်စတင်နေပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိနှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်က ယူကရိန်းသို့ အရေးကြီးစစ်လက်နက်ပစ္စည်းများ ပေးပို့မှုဆိုင်းငံ့ထားလိုက်သည်။ ယင်းနောက် ရက်ပိုင်းအကြာတွင် ယူကရိန်းသို့ အမေရိကန်လက်နက်ပေးပို့မှု ပြန်လည်စတင်လာခြင်း ဖြစ်သည်။

မကြာသေးခင်က အမေရိကန်စစ်လက်နက်ပစ္စည်းများ ယူကရိန်းသို့ ပေးပို့မှုရပ်ဆိုင်းလိုက်ရခြင်းမှာ အမေရိကန်၏ ကိုယ်ပိုင်လက်နက်သိုလှောင်မှုနည်းပါးလာမည့်အရေး စိုးရိမ်မှုနှင့် ဆက်စပ်နေပုံရကြောင်း အဆိုပါ အမေရိကန်အရာရှိနှစ်ဦးက ပြောသည်။

ယင်းနောက် ထရမ့်က သူ့အနေဖြင့် ယူကရိန်းသို့ အမေရိကန်လက်နက်များ ပေးပို့မှု ရပ်ဆိုင်းရန် မည်သူအမိန့်ပေးခဲ့သည်ကို မသိရကြောင်း ပြောဆိုခဲ့သည်။

ယူကရိန်းသို့ နောက်ထပ်လက်နက်များ ပိုမိုပေးပို့သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ပိုမိုအရှိန်မြင့်လာသည့် ရုရှားထိုးစစ်များမှ ခုခံကာကွယ်နိုင်ရန် ယူကရိန်းသို့ ခံစစ်လက်နက်များ ဦးစားပေး ထောက်ပံ့သွားမည်ဟု ထရမ့်က ပြောသည်။

လက်ရှိအချိန်တွင် ၁၅၀ မီလီမီတာ လက်နက်ကြီးကျည်ဆန်များနှင့် ရွေ့လျားသယ်ဆောင်နိုင်သည့် GMLRS မစ်ဆိုင်းဒုံးများကို အမေရိကန်က ယူကရိန်းသို့ ပေးပို့နေပြီဟု အမေရိကန်အရာရှိနှစ်ဦးက ဆိုသည်။

အဆိုပါလက်နက်ခဲယမ်းများ မည်မျှပမာဏအထိ ပေးပို့ထားမှုနှင့် အဆိုပါ လက်နက်ခဲယမ်းများ ယူကရိန်းသို့ ရောက်ရှိနေပြီလားဆိုသည်တို့နှင့်ပတ်သက်၍လည်း ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။

ယခု ပေးပို့မှုတွင် လက်နက်ကြီးကျည်ဆန်များနှင့် ရွေ့လျားသယ်ဆောင်နိုင်သည့် မစ်ဆိုင်းလ်များသာ ပါဝင်ရသည့် အကြောင်းအရင်းနှင့် အခြားသော အမေရိကန်ထုတ် လက်နက်များကိုလည်း ယူကရိန်းသို့ ထပ်မံပေးပို့သွားရန် ရှိမရှိတို့ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အရေးကြီးလက်နက်အထောက်အပံ့များ ရရှိရေး ၊ အထူးသဖြင့် လေကြောင်းရန်ကာကွယ်ရေးလက်နက်များ ရရှိရေးအတွက် အမေရိကန်နှင့် ဆွေးနွေးမှုပိုပြုလုပ်သွားရန် ၎င်း၏ အရာရှိများကို ညွှန်ကြားထားကြောင်း ယူကရိန်းသမ္မတဇလန်းစကီးက ဇူလိုင်လ ၈ ရက်က ထုတ်ဖော်ပြောဆိုထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ယူကရိန်းသို့ Patriot လေကြောင်းရန်ကာကွယ်ရေးမစ်ဆိုင်းများ ပေးပို့ရန် စဉ်းစားနေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

၂၀၂၂ ခုနှစ်တွင် ရုရှား၏ ယူကရိန်းကျူးကျော်စစ် စတင်ပြီးကတည်းက ရုရှား၏ ဒရုန်းနှင့် မစ်ဆိုင်းများကို ခုခံရန် လေကြောင်းရန်ကာကွယ်ရေးစနစ်များ အရေးတကြီး လိုအပ်ကြောင်း ယူကရိန်းဘက်က ထပ်တလဲလဲ ပြောဆိုလျက်ရှိသည်။

Source: Reuters