BREAKING
November 19, 2025

ရွှေညဝါဆရာတော် ပျံလွန်တော်မူ၊ စာရေးဆရာမောင်သာချိုကွယ်လွန်

July 10, 2025

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းကျခံခဲ့ရပြီး တစ်ရက်တည်း ပြန်လည် လွတ်မြောက်လာကြသလို ယနေ့ ဇူလိုင်လ ၁၀ ရက် တစ်ရက်တည်းတွင်ပင် ရွှေညဝါဆရာတော် အရှင်ပညာသီဟ ပျံလွန်တော်မူပြီး စာရေးဆရာမောင်သာချို ကွယ်လွန်သည်။

ရွှေညဝါဆရာတော်နှင့် စာရေးဆရာမောင်သာချိုတို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် အမျိုးသားနေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သူများ ဖြစ်သည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်၏ ကျောင်းထိုင်နာယကဖြစ်သည့် ရွှေညဝါဆရာတော် အရှင်ပညာသီဟသည် အကျဉ်းထောင်က လွတ်မြောက်ပြီးနောက်တွင် အသည်းရောဂါခံစားခဲ့ရပြီး ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၃နာရီခန့်တွင် ပျံလွန်တော်မူခဲ့ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

ဆရာတော်ပျံလွန်တော်မူချိန်တွင် သက်တော် ၆၀နှစ် ဝါတော် ၂၇ဝါရှိပြီဖြစ်သည်။ ဆရာတော်သည် ရှစ်လေးလုံးအရေးတော်ပုံကာလတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် အကျဉ်းကျခံခဲ့ရသလို စစ်အစိုးရအဆက်ဆက်ကို ဝေဖန်သဖြင့် တရားဟောပြောခွင့်များ ပိတ်ပင်ခံခဲ့ရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် နိုင်ငံရေးအခမ်းအနားများကို သာဓုကျောင်းတိုက်၌ ကျင်းပခွင့်ပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆရာတော်ကို သာဓုကျောင်းတိုက်မှ ထွက်ခွာစေခဲ့သည်။ ဆရာတော်သည် လက်ရှိတွင် မှော်ဘီမြို့နယ်တွင် သီတင်းသုံးနေခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ပြီး ဗုဒ္ဓစာပေများကိုခေတ်နှင့်အညီ သင်ကြားပို့ချခဲ့သည့် ဆရာတော်အဖြစ်လည်း ထင်ရှားသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် စွပ်စွဲကာ ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့သည်။

အသက် ၆၇နှစ် အရွယ် စာရေးဆရာ မောင်သာချို (ခေါ်) ဦးညွန့်သောင်း သည်လည်း ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်တွင် ဆေးရုံတွင် ကင်ဆာရောဂါဖြင့် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ကြောင်း စာပေအသိုင်းအဝိုင်းထံမှ သိရသည်။

စာရေးဆရာမောင်သာချို ရေးသားသည့် ဆောင်းပါးတစ်ပုဒ်ကြောင့် စစ်ကောင်စီက ဖမ်းဆီးကာ နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့သည်။