BREAKING
June 11, 2025

မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အောင်မြင်နိုင်မလား

June 10, 2025

မကြာသေးမီက အင်အားပြင်းမြေငလျင် လှုပ်ခတ်ပြီးနောက် မြန်မာစစ်ကောင်စီခေါင်းဆောင် တွေဟာ ပြည်တွင်း၊ပြည်ပရဲ့ဖိအားတွေ ပိုမို ရင်ဆိုင်နေရပါတယ်။

ပြည်တွင်း၊ပြည်ပရဲ့ ဖိအားတွေရှိနေ လင့်ကစား မြန်မာစစ်ကောင်စီခေါင်းဆောင်တွေဟာ သူတို့ရဲ့ အဆင့် ငါးဆင့်ပါ အစီအစဉ်ကို ရှေ့ဆက်လုပ် ဆောင်ကာ အာဆီယံ ငြိမ်းချမ်းရေးအစီအစဉ်ကို ဖော်ဆောင်နေဆဲဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ရဲ့ အ ရေးကြီးဆုံးအပိုင်းမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းကြား အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘီလာရုစ်နဲ့ အာဆီယံခေါင်းဆောင်တွေကို ကတိပြုခဲ့ပြီးဖြစ်ပါတယ်။

မြန်မာစစ်တပ်အတွက် ဒီရွေးကောက်ပွဲဟာ အရေးကြီးဆုံး ထွက်ပေါက်မဟာဗျူဟာလို့ ယူဆရပါတယ်။ မဲမသမာတဲ့ ရွေးကောက်ပွဲမျိုး ကျင်းပလျှင်ပင် တရားဝင်မှု ရရှိမယ်လို့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက ယုံကြည်ပါတယ်။ ရွေးကောက်ပွဲမှာ အားလုံးမပါ ဝင်ဘဲ လွတ်လပ်ပြီး တရားမျှတမှုမရှိလျင်ပင် အခြားတိုင်းပြည်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ရွေးကောက်ပွဲကို လက်သင့်ခံခဲ့တာ စစ်ကောင်စီဗိုလ်ချုပ်ကြီးတွေက သိပါတယ်။

၂၀၂၅ ခုနှစ်လယ်အထိ မြန်မာစစ်တပ်ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီ ၈၀ မှတ်ပုံတင်ခဲ့ပြီး ယခင်မှတ်ပုံတင်ထားတဲ့ ၅၃ ပါတီထက် များလာခဲ့ပါတယ်။ ရွေးကောက်ပွဲနီးလာရင် ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်မယ့် နိုင်ငံရေးပါတီတွေ တိုးလာနိုင်ပါတယ်။ ရွေးကောက်ပွဲကို မဲ ဆန္ဒရှင်တွေ ဘေးကင်းမယ်လို့ယူဆရတဲ့ မြန်မာစစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်ရှိ မြို့ကြီးတွေနဲ့ မြန် မာနိုင်ငံအလယ်ပိုင်း ဒေသအချို့မှာသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ အနက် ၁၄၅ မြို့နယ်မှသာ ရွေးကောက်ပွဲ ပြုလုပ်နိုင်မယ်လို့ ကျွမ်းကျင်သူတွေက ယူဆပါတယ်။ စစ်တပ်က မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေ ၅၃ ရာခိုင်နှုန်းကိုသာ ထိန်းချုပ် နိုင်ပြီး ကျန်ရှိသောနယ်မြေတွေကို ထိန်းချုပ်ဖို့ အားပြိုင်နေ သို့မဟုတ် တော်လှန်ရေးအဖွဲ့တွေက ထိန်း ချုပ်ထားပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ အရေးပေါ်အခြေအနေကို ခြောက်လ တစ်ကြိမ် သက်တမ်းတိုးခဲ့ပြီး ဆဌမအကြိမ်တိုးခဲ့တာဟာ ယခုလကုန်မှာ သက်တမ်းကုန်မှာဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ မြန်မာစစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ကုန်မှာ အရေးပေါ်အခြေအနေကို အဆုံးသတ်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီနဲ့နီးကပ်တဲ့ သတင်းရင်း မြစ်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။

မြန်မာစစ်ကောင်စီဟာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အာဏာလွှဲပေးပြီး ဉီးမြင့်ဆွေကို ယာယီသမ္မတအဖြစ် ခန့်အပ်မယ်လို့ ယူဆရပါတယ်။ အငြိမ်းစား ဗိုလ်ချုပ်ကြီးဖြစ်တဲ့ ဉီးမြင့်ဆွေက ရွေးကောက်ပွဲမတိုင်မီ စစ်တပ်နဲ့ အနာဂတ် အရပ်သား ခေါင်းဆောင်တွေကြား ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်။

မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေထဲမှာ နိုင်ငံရေးပါတီငါးခုက အခြားပါတီတွေထက် ပိုမို ထင် ရှားပါတယ်။ အင်အားအကြီးမားဆုံးမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (USDP) ဖြစ်ပါတယ်။

နောက်ထပ်ထင်ရှားတဲ့ပါတီမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဖြစ်ပါ တယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီနဲ့ အခြားပါတီငယ်တွေလည်း ရွေးကောက်ပွဲမှာ အမတ် နေရာအချို့ အနိုင်ရရှိဖို့ မျှော်မှန်းရပါတယ်။

မကြာသေးမီက စစ်ကောင်စီဟာ ဘယ်နေရာမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မလဲဆိုတာ ဆုံးဖြတ်ဖို့ သန်းခေါင်စာရင်း ကောက်ယူခဲ့ပါတယ်။ စစ်တပ်က လွှတ်တော်မှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်း ထိန်းချုပ် ခွင့်ပေးထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ ကျင်းပဖို့ သန်းခေါင်စာရင်း ကောက်ယူတာဖြစ်ပါတယ်။

အခြားတိုင်းပြည်တွေက မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အမျိုးမျိုး တုံ့ပြန်ခဲ့ပေမယ့် မြန် မာစစ်တပ်အတွက် နိုင်ငံတကာထောက်ခံမှုအချို့ ရရှိစေနိုင်မယ့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တွေ စေလွှတ်ဖို့ အိန္ဒိယ၊ တရုတ်၊ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေက စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

အာဆီယံအဖွဲ့က အဆိုပါကိစ္စကို မဆွေးနွေးရသေးပေမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရမှာ ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတရမယ်ဆိုတာ ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံက တိုက်ပွဲတွေအဆုံးသတ်ရေး ငြိမ်းချမ်းရေး နဲ့လုံခြုံရေး ဉီးစားပေးပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အာဆီယံ ဥက္ကဋ္ဌတာဝန်ယူပြီးနောက်ပိုင်း မလေးရှားနိုင်ငံဟာ အားလုံးပါဝင်တဲ့ မြန်မာကိုယ်တိုင် ဉီးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်ဖို့ ထိုင်းနိုင်ငံနဲ့ အနီးကပ် လက်တွဲဆောင်ရွက်နေပါတယ်။ မလေးရှားဝန်ကြီး ချုပ် အန်ဝါအီဘရာဟင်ဟာ မကြာသေးမီက ဘန်ကောက်မြို့မှာ မြန်မာစစ်ကောင်စီခေါင်းဆောင် မင်း အောင်လှိုင်နဲ့ တွေ့ဆုံပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခေါင်းဆောင်တွေနဲ့လည်း အွန်လိုင်းမှ တွေ့ဆုံခဲ့ပါတယ်။ အာဆီယံအဖွဲ့ဟာ လက်ရှိမှာ အဖွဲ့အသီးသီးနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်နေပါတယ်။

၂၀၂၁ ခုနှစ်၊ ဧ ပြီလမှာ ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် ဖော်ဆောင်ရေးဟာ တိုးတက်မှုမရှိခဲ့ပါဘူး။ မြန်မာစစ်တပ်က အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို တစ်စိတ်တစ်ပိုင်းမျှသာ အကောင်အထည် ဖော်ခဲ့ပြီး အကူအညီပေးရေးအဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ပဋိပက္ခဘေးသင့်ဒေသတွေကို သွားလာခွင့်ရဖို့ ခက်ခဲမှုတွေ ရင်ဆိုင်နေရဆဲပါ။

လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်း ကြီးမားသော ထိခိုက်ပျက်စီးမှု ဖြစ်စေ ခဲ့တဲ့ မတ်လ ၂၈ ရက် မြေငလျင် လှုပ်ခတ်မှုအပြီး စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ယာယီ အပစ်အခတ်ရပ်စဲရေးဟာ ပြန်လည်တည်ဆောက်ရေးနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေကို ရည်ရွယ်ပါ တယ်။ မြန်မာစစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကို သဘောတူပြီး လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုရင် အာဆီယံအဖွဲ့မှာ မြန်မာ့အနေအထားကို အာဆီယံအဖွဲ့က ပြန်စဉ်းစားလာနိုင်ပါတယ်။

အဆိုပါလုပ်ဆောင်ချက်တွေဟာ အာဏာသိမ်းမှုနောက်ပိုင်း ဒေသတွင်း အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့ မြန်မာစစ်ကောင်စီကို အာဆီယံအဖွဲ့မှာ နေရာပြန်ရဖို့ အလှည့်အ ပြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ လာမယ့်အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာ့အရေး နဲ့ တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို ဖြေရှင်းနိုင်ရေး အခက်အခဲ ရင်ဆိုင်နေရပါတယ်။ ဖိလစ်ပိုင် နိုင်ငံအတွက် အာဆီယံအဖွဲ့ဝင်အားလုံး ပေါင်းစည်းဖို့ ဘုံသဘောတူညီချက် ငါးရပ် ဖော်ဆောင်မှုမှာ တိုးတက်မှုကို သဘောတူရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက အာဆီယံမိသားစုမှာ ပြန်ပေါင်းစည်းလိုရင် မလေးရှားနိုင်ငံရဲ့ အာဆီယံဥက္ကဋ္ဌ သက်တမ်းကျန်ရှိချိန်ဟာ အရေးကြီးပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူး သံတမန်တစ်ဉီး ရွေးချယ်ရေးလုပ်ငန်းစဉ် မဆောင်ရွက်ရသေးပါဘူး။ စစ်ကောင်စီအတွက် သံတမန်တစ် ဉီးနဲ့ NUG နဲ့ တော်လှန်ရေးအဖွဲ့တွေအတွက် သံတမန်တစ်ဉီး သံတမန်နှစ်ဉီးထားရှိဖို့ အာဆီယံအဖွဲ့ဝင် အချို့က အကြံပြုခဲ့ပါတယ်။

အောက်တိုဘာအတွင်း တီမောလက်စ်တေးနိုင်ငံကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုမှုက ဆုံးဖြတ်ချက် ချမှတ်ရေးလုပ်ငန်းစဉ်ကို ပိုရှုပ်ထွေးစေခဲ့ပါတယ်။ တီမောလက်စ်တေးနိုင်ငံ ဟာ အာဏာရှင်အဆန်ဆုံး မြန်မာစစ်ကောင်စီအတွက် လစ်ဘရယ်အကျဆုံး အာဆီယံအဖွဲ့ဝင် ဖြစ်လာ ပါလိမ့်မယ်။ အာဆီယံအဖွဲ့ရဲ့ ဘုံဆုံးဖြတ်ချက်ချရေး လုပ်ငန်းစဉ်ဟာ အကျပ်ရိုက်မှု ရင်ဆိုင်နေရပါတယ်။

မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ဆက်လုပ်မယ်ဆိုရင် တိုင်းရင်းသားအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အတိုက်အခံပါတီတွေ ပိုမိုပါဝင်ဖို့ လိုအပ်ပါတယ်။

အာဏာသိမ်းမှုနဲ့ မကြာ သေးမီက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်အပြီး ရွေးကောက်ပွဲဟာ သက်ရောက်မှုတွေ ဆောင်ကြဉ်းပေးကာ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုနဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အပြောင်းအလဲတွေ စတင်လာဖို့ မြန်မာ စစ်ကောင်စီက မျှော်လင့်နေပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာစစ်တပ်က ထွက်ပေါက်ကစားပွဲအဆုံးသတ်ဖို့ ပြင်ဆင်နေလို့ အာဆီယံအဖွဲ့က ပါဝင်ပတ်သက်သူတွေအားလုံးနဲ့ ထိတွေ့ဆက်ဆံရမှာဖြစ်ပါတယ်။

(ဇွန်လ ၁၀ ရက် Bangkok Post သတင်းစာမှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Kavi Chongkittavorn ရဲ့ Will Myanmar’s military plan succeed? ကို ဘာသာပြန် ဆိုထားပါသည်။ ဆောင်းပါးပါ အချက်များသည် မူရင်းဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်သည်)

TTZ ဘာသာပြန်သည်