ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ဗောဓိစခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အင်အား ၃၀ကျော် ထိုင်းဘက်သို့ ထွက်ပြေးကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
ဗောဓိစခန်း (အမိုနယ်စပ်-ပွိုင့် ၂၅၆၆) ကို ဇွန်လ ၈ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သုံးရက်ခန့်အကြာ ယနေ့ ဇွန် ၁၀ ရက် နေ့လယ်ပိုင်းတွင် စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း KNU တပ်မဟာ (၄) က သတင်းထုတ်ပြန်သည်။
စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အလောင်းနှစ်လောင်းခန့်သာ တွေ့ရပြီး ကျန်တပ်ဖွဲ့ဝင်များမှာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးကြောင်း ပဒိုစောအယ်နားက ဆိုသည်။
“လက်နက်ခဲယမ်းကတော့ အနည်းငယ်ပဲရတယ်။ ကျွန်တော်တို့ဘက်က သေဆုံးမှုမရှိဘူး။ ဒါပေမဲ့ မိုင်းနင်းမိတာ ဒဏ်ရာ ရတာတော့ သုံးလေးယောက်ရှိတယ်။ အဲ့ဒါ စကစ မိုင်းမဟုတ်ဘူး၊ ကော်လဖိုး (KTLA) တို့အဖွဲ့က ထောင်ထားတဲ့ မိုင်းဖြစ် တယ်၊ ကော်လဖိုးတို့အဖွဲ့က အဲ့ဒီနယ်မြေမှာလှုပ်ရှားတာ” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။
KTLA က ထောင်ထားသည့် မိုင်းဖြစ်သည့်ဆိုသည့်အချက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
စခန်းသိမ်းတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မဟာ ၄ က ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်း(၇) ၊မဟာမိတ်တပ်ဖြစ်သည့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF နှင့် Force For Federal Democracy-FFD တပ်ဖွဲ့တို့ပါဝင်ကြောင်း KNU တပ်မဟာ(၄) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စခန်းသိမ်းတိုက်ပွဲ စတင်သည့်နေ့တွင် စခန်းအနီး အမိုရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် တစ်ကြိမ် ဗုံးလာကြဲသဖြင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ပဒိုစောအယ်နားက ဆိုသည်။
“စခန်းကို လေယာဉ်နဲ့ကြဲတာ သိပ်အဆင်မပြေဘူး။ စခန်းက နယ်စပ်မျဉ်းကြောင်းထဲမှာရှိတယ်။ သူတို့လေယာဉ်လာတာနဲ့ ထိုင်းက လေယာဉ်ထွက်တော့ သူတို့မလာဘူး၊ အဲဒီနယ်စပ်မှာရှိတဲ့အတွက်ကြောင့်” ဟု ၎င်းက ပြောသည်။





ပြီးခဲ့သည့် ဧပြီလ ၁၉ရက်နှင့် မေလ ၉ရက်တို့တွင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထဗျူဟာစခန်းကုန်းနှင့် ထီးခီးနယ်စပ် စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် – KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။
ထိုင်း-မြန်မာ ထီးခီးနယ်စပ်ဝန်းကျင်တွင် စစ်ကောင်စီတပ်၏ ငါးရံ့နီစခန်းတစ်ခုသာ ကျန်ရှိတော့တာဖြစ်သည်။
နယ်စပ်တွင် စစ်ကောင်စီစခန်းကင်းစင်ရေးမူအရ KNLA ဦးဆောင်မှုဖြင့် PDF ပူးပေါင်းတပ်များက နယ်စပ်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပူးပေါင်းတပ်တွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ တနင်္သာရီတိုင်းအတွင်းက စစ်ကောင်စီတပ်စခန်း ၁၅ ခုခန့်ကို KNLA နှင့် PDF ပူးပေါင်းတပ်များ သိမ်းယူထားသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် တနင်္သာရီ-ထုံခါ-မောတောင်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကိုလည်း စစ်ကောင်စီတပ်က စိုးမိုးထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတည်းက ထိုးစစ်ဆင်နေသဖြင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်။