ဒီနေ့မနက်ပဲ ဗောဓိစခန်း ကို သိမ်းလိုက်သည်။ အတွေးတွေက လွန်ခဲ့သော တစ်လကျော်က ဗောဓိ စခန်းအောက်ဘက် ထီးခီးစခန်းသိမ်းစဉ်က အခိုက်အတန့်များကို ပြန်ရောက်သွားသည်။
(၁)
ညနုနုကို ဂီတာသံနုနုနဲ့ လိမ်းကျံနေကြတဲ့ နုနုဖတ်ဖတ် လူငယ်ရဲဘော်တစ်စု။
“ရှုံးနိမ့်မှုတွေ များစွာနှိပ်စက်နေ၊ သောကမီးတောက်ကြားမှာ လှောင်ပိတ်လို့ . . . ”
တေးရေးဆရာ သွန်းပူ ရေးထားသည့် လေးဖြူဆိုထားသော “ယုံကြည်ရာ” သီချင်းကို ဝိုင်းဆိုညည်းသံတိုးတိုးက ဘေးနားက ရဲဘော်တွေအပါအဝင် ဝန်းကျင်တစ်ခုလုံးကို စိမ့်ဝင်လွှမ်းခြုံ။
၂၀၂၅ ခုနှစ် မေလ ၉ ရက်နေ့ ညဦး ၇ နာရီ ၅၁ မိနစ်။
နေရာက ထိုင်း-မြန်မာနယ်စပ် ထားဝယ်ခရိုင် ထီးခီးရွာနှင့် ၂ မိုင်အကွာ ကားလမ်းဘေးတစ်နေရာ။
“ဒါတွေ မင်းကြုံရမှာပဲ၊ မပူနဲ့၊ ဒါပေမဲ့ ဒီစိတ်ကို မလျှော့ပါနဲ့”
စစ်ကောင်စီ၏ ထီးခီးနယ်စပ်စခန်းသိမ်းပြီးနောက် အကောင်းတိုင်းရရှိခဲ့သော ဂီတာတစ်လုံးနှင့် ထိုင်းမှ ပြန်လာသော ရဲဘော်တစ်ဦးတွင်ပါလာသည့် ဂီတာတစ်လုံးတို့ကို ရဲဘော်နှစ်ဦးက စည်းချက်ညီညီ တီးခတ်နေသည်။
ကျန်ရဲဘော်တို့က သီချင်းကိုသံပြိုင် လိုက်ဆိုနေကြသည်။ ဂီတာသံကလည်း တိုးသက်သက်၊ ဆိုညည်းသံတို့ကလည်း တိုးသက်သက်။
စခန်းတစ်ခု လောလောလတ်လတ် သိမ်းယူလိုက်နိုင်သော သူတို့မျက်နှာတွေက ရွှင်ပြမနေ။
“လူဆိုတာအမြဲ၊ ယုံကြည်ရာတစ်ခုအတွက် အသက်ကိုယ်တောင် စတေးရတာပဲ၊ မင်းရဲ့ဘဝမှာ”
သူတို့တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိုနေ့မနက် ၉ နာရီတွင် ကျဆုံးသွားခဲ့သည်။
ထီးခီးစခန်း ရလုရခင်တွင် စခန်းပေါ်တက်ကြရင်း ရန်သူ့မိုင်းနင်းမိကာ ကျဆုံးသွားခြင်း ဖြစ်သည်။
ထားဝယ်ခရိုင် ထိုင်းမြန်မာနယ်စပ်ရှိ ထီးခီးကုန်သွယ်ရေးစခန်းရှိရာ ထီးခီးရွာထိပ်နယ်ခြားကုန်းပေါ်ရှိ စစ်ကောင်စီ၏ ထီးခီးစခန်းကို သူတို့ ယနေ့နံနက် ၉ နာရီကျော်ကျော်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုစခန်းကို မေလ ၁ ရက်နေ့က စတင်တိုက်ခဲ့ရာ ကိုးရက်မြောက်နေ့ သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်သား ၇၀ ကျော်သည် တော်လှန်ရေးပူးပေါင်းတပ်၏ ထိုးစစ်ကို ဆက်လက်ခုခံနိုင်ခြင်း မရှိတော့၍ အရေးကြီးပစ္စည်းများနှင့် လက်နက်များကို နိုင်သမျှသယ်ကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်သားများ စခန်းအတွင်းသို့ စီးနင်းဝင်ရောက်ချိန်တွင် ကြက်ကလေးတွေမှအပ အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှ မရှိတော့။
စခန်းမှာ ထီးခီးရွာနှင့် နှစ်ဖာလုံခန့်သာဝေးသော်လည်း တောင်မှာ အတော်မတ်စောက်သည်။ ထီးခီးရွာမှ ထိုစခန်းသွားလမ်းပေါ်ရှိ ထီးခီးတောင်စေတီ အနီးအထိ ကားတက်နိုင်ပြီး ထိုစေတီအနီးမှ စခန်းရှိရာ နောက်တောင်တစ်ကျောကို ခြေကျင်သာ တက်နိုင်သည်။
ထိုနေ့ နေ့လယ်က ထိုစခန်းသွားရာလမ်းတစ်လျှောက်တွင် အတက်အဆင်းလုပ်နေကြသော ရဲဘော်တို့ ပျားပန်း ခတ်နေသည်။
စေတီကုန်းမှ စခန်းတက်ရာ လူသွားလမ်းဘေးဝဲယာတွင် လူတစ်ယောက်ထိုင်နိုင်သည့် မြေကျင်းငယ်များကို မကြာမကြာ တွေ့ရသည်။ စစ်ကောင်စီတပ်သားတို့ ကာကင်းယူသည့် ဝပ်ကျင်းများပင် ဖြစ်သည်။
စေတီကုန်းမှ ကိုက် ၂၀၀ ခန့် မတ်မတ်တက်ပြီးနောက်တွင် ၇ ဧက ကျော်ကျော်လောက် ကျယ်ဝန်းမည့် မြက်ရိုင်းကွင်းပြင်တစ်ခုရှိနေပြီး ထိုကွင်းအလွန်တွင် စစ်ကောင်စီထီးစခန်းကုန်းကို လှမ်းမြင်နေရသည်။
ထိုကွင်းပြင်တွင် လွန်ခဲ့သော ဧပြီလက စစ်ကောင်စီရဟတ်ယာဉ်များ ဆင်းသက်ခဲ့ဖူးသည်။
ထီးခီးနှင့် ၆ မိုင်ခန့်အကွာရှိ ထီးထစစ်ကောင်စီဗျူဟာကုန်းအား တော်လှန်ရေးပူးပေါင်းတပ်တို့ ဧပြီလ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့ထိ တပါတ်ကြာ တိုက်ခိုက်သိမ်းပိုက်စဉ်က စစ်ကောင်စီတပ်က စစ်ကူတပ်သား ၆၀ ခန့်ကို ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ခဲ့ရာ ထီးထစခန်းကုန်းတွင် ရဟတ်ယာဉ်ဆင်းသက်ရန် အခွင့်မသာခဲ့သောကြောင့် ထီးခီးစခန်းယခုကွင်းတွင် ဆင်းသက်ကာ စစ်ကူများ ချထားခဲ့ခြင်း ဖြစ်သည်။
ထိုကွင်းအစပ်တွင် ၃ ကီလိုဝပ်အားထွက် လက်ဆွဲမီးစက်တစ်လုံးကို ထမ်းပိုးလျှိုထမ်းလာသော လူနှစ်ဦးကို တွေ့ရသည်။ သူတို့သည် ထိုမီးစက်ကို စစ်ကောင်စီစခန်းမှ သယ်လာကြခြင်းဖြစ်သည်။
ထိုမြက်ခြောက်ကွင်းပြင်အလယ်လောက်တွင် ဆိုင်ကယ်ဘီး နှစ်ဘီးဖြင့် တပ်ဆင်ထားသည့် ၈၁ မမ တာဝေးပစ်အမြောက်တစ်လုံးကို တွေ့ရသည်။ ထိုအမြောက်သည်လည်း စခန်းအတွင်းမှ သယ်ချလာပုံရသည်။
စခန်းအနီး ကွင်းပြင်ထဲတွင် ရင်စို့ခန့်နက်သည့် မြောင်းတစ်ခုကို ကန့်လန့်ဖြတ်တူးထားပြီး ထိုမြောင်းထဲတွင် ချွန်ထက်နေသည့် ဝါးဆူးငြောက်များ ခြေချရန်နေရာမလတ် ထိုးစိုက်ထားလေသည်။
ကွင်းပြင်အလွန် စခန်းထိပ်တွင် ဝါးဆူးငြှောက်နှင့် သံဆူးကြိုးတို့ ရောကာထားသော တစ်ဧကကျော်ကျော်ရှိသည့် ကွင်းတစ်ခု တွေ့ရသည်။
“ဒါ မိုင်းကွင်းလေ၊ ကျားထိုးတက်လာလို့မရအောင် ကာထားတဲ့ မိုင်းကွင်းပေါ့”ဟု ရဲဘော်တစ်ဦးက ရှင်းပြသည်။
ထိုမိုင်းကွင်းခြံစည်းရိုးအစပ်တွင် တစ်ပေပြား ဆိုင်းဘုတ်နှစ်ခုကို ရဲဘော်တို့က ခြေဖြင့် ဝိုင်းနင်းနေကြသည်။ ဆေးနီခြယ်ထားသော ထိုဆိုင်းဘုတ် နှစ်ခုတွင် “ထီးခီးစခန်း”၊ “ငါမသေ ငါ့စခန်း မကျစေရ” ဟူ၍ အဖြူစာလုံးဖြင့် အသီးသီး ရေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း ၁ မှ ဗျူဟာ ၃၄ တာဝန်ခံ ရဲဘော်စီဝမ်းနှင့် ရဲဘော်တစ်စုသည် ထိုဆိုင်းဘုတ် ၂ ခုကို တိုင်ငုတ်နှစ်ခုတွင် မှေးထောင်ကာ မှတ်တမ်းဓာတ်ပုံများ ရိုက်နေကြသည်။
အခြားရဲဘော်တို့လည်း ထိုဆိုင်းဘုတ်အနီး အလှည့်ကျ ဓာတ်ပုံရိုက်ကာ သူတို့အောင်ပွဲကို မှတ်တမ်းတင်နေကြသည်။
ထိုမိုင်းကွင်းကို အရှေ့ဘက်မှကွင်း၍ စခန်းကုန်းပေါ်တက်လိုက်သည်နှင့် အောက်သိုးသိုး ပုတ်အက်အက် အနှံ့တမျိုးကို စတင် ရှူရှိုက်လိုက်ကြရသည်။
ထိုအနံ့သည် စခန်းထိပ်ရှိ ပျက်စီးပြိုကျနေသော ဘန်ကာအတွင်းမှ အဓိက လှိုင်ထွက်နေခြင်း ဖြစ်သည်။
“အထဲမှာ (စစ်ကောင်စီတပ်သား)အလောင်းတွေ ရှိတယ်လေ၊ မထုတ်ရသေးဘူး” ဟု ထိုဘန်ကာအနီးရှိ ရဲဘော်တစ်ဦးက ပြောသည်။
ထိုဘန်ကာအပါအဝင် အခြားဘန်ကာများ အဆောက်အအုံများကို ရင်စို့ခန့်နက်သော ဆက်သွယ်ရေးတူးမြောင်းများဖြင့် ဆက်သွယ်တူးဖော်ထားသည်မှာ စခန်းနေရာမလပ်ပင် ဖြစ်သည်။
စခန်းကုန်းအလယ် အမြင့်ဆုံးတောင်ထိတ်တွင် အနက် ၃ ပေ အကျယ်၁၀ ပေပတ်လည်ခန့် ကျင်းဝိုင်းတစ်ခုကို တွေ့ရပြီး ကျင်းနံရံကို ကွန်ကရစ်ဖြစ် မံထားသည်။
ထိုကျင်းသည် ၁၂၀ မမ တာဝေးပစ်အမြောက် အထိုင်ချရာနေရာဖြစ်ပြီး ထိုကုန်းမှာ ထိုစခန်း၏ လက်နက်ကြီးကုန်းပင် ဖြစ်လေသည်။
ထိုကျင်းထဲတွင်မူ လက်နက်ကြီး မရှိတော့ဘဲ စစ်ကောင်စီမှ လက်ရှိသုံးနေသော နိုင်ငံတော်အလံတစ်ခု မြေတွင် တွန့်လူးနေသည်။
ထိုကျင်းထိပ်တွင်မူ KNU အလံတစ်ခု တလူလူ လွင့်နေသည်။
ထိုကုန်ပေါ်မှ အရှေ့ဘက်ကိုကြည့်လိုက်ပါက ထိုင်းတောင်တန်းတို့ကိုတွေ့ရပြီး နောက်ဘက်ကို ကြည့်လိုက်ပါက တနင်္သာရီရိုးမတောင်တန်းကြီးများကို တွေ့ရသည်။
တောင်ခြေမှ ထီးခီးရွာကို ကောင်းစွာမမြင်ရသော်လည်း ထီးခီးရွာပြင်ရှိ သွတ်များကာရံထားသော အလုပ်ရုံဝင်းကြီးကိုမူ ထင်းထင်းကြီး မြင်နေရသည်။
ထိုလက်နက်ကြီးကုန်းဘေးနားရှိ ပင်မရုံးဆောင်ဖြစ်ဟန်တူသော လောလောလတ်လတ်ပျက်စီးပြိုကျနေသည့် သစ်သားဆောင်နဘေးတွင် ပျက်စီးစုတ်ပြတ်နေသော စာရွက်စာတမ်းဖိုင်အချို့နှင့် မစ်မိုရီ(ဟဒစ်)ဖြုတ်ပြီး ဖျက်ဆီးထားသော ကွန်ပြူတာမားသားဘုတ် နှစ်လုံး၊ အင်ဗက်တာပျက် တစ်လုံးတို့ကို တွေ့ရသည်။
စခန်းကုန်းတစ်ခုလုံးတွင် သွတ်မိုးသစ်သားဆောင် အကြီးအငယ် ၁၀ ကျော်ခန့်ရှိပြီး အားလုံးမှာ ပျက်စီးပြိုကျနေကြပြီဖြစ်သည်။
အညာမှ လာကူသည့် မောင်ဆောင်းခတို့၏ BPLA မှ လက်နက်ကြီးပစ်ကူအဖွဲ့အပါအဝင် ကျန်အဖွဲ့တို့၏ လက်နက်ကြီးဒဏ်၊ ဒရုံးတပ်ဖွဲ့တို့၏ ဗုံးမိုးရွာမှုဒဏ်ကြောင့် ပျက်စီးကုန်ကြခြင်း ဖြစ်သည်။
သေနတ်ပြောင်းထုတ်ပစ်ရန် အပေါက်ငယ်လေးများသာ ဖောက်ထားပြီး သစ်လုံးများ၊ မြေအိပ်များဖြင့် အခိုင်အမာဆောက်ထားသော ဘန်ကာအကြီးအငယ်တို့မှာလည်း အားလုံးပျက်စီးကာ အောက်သိုးသိုးအနံ့များ ထွက်နေသည်။
ထိုင်းစာသားများပါသည့် ဆန်အိပ် ၂ အိပ်ကိုမူ အကောင်းတိုင်း တွေ့ရသည်။ ထိုစခန်းမှ အရှေ့ဘက်သို့ ဆင်းလိုက်လျှင် ထိုင်းနိုင်ငံပင် ဖြစ်သည်။
ရဲဘော်အချို့က ကျင်းတစ်ခုထဲကျနေသော ၁၂၀ မမ တာဝေးပစ်အမြောက်တံကြီးကို ကြိုးဖြစ်ချည်ကာ အပေါ်ပစ်တင်နေကြသည်။
ထိုအမြောက်ကြီးမှာ ပြောင်းအရင်းတွင် လက်သီးဆုတ်ခန့်အပေါက်တစ်ပေါက် ပေါက်နေပြီး ထိုအပေါက်ဝန်းကျင်တွင် ကွဲအက်ယာများစွာ ရှိနေလေသည်။
“သူတို့ မဆုတ်ခွာခင်တွင် ဖျက်ဆီးခဲ့တာလေ၊ ဘာတစ်ခုမှ အကောင်းတိုင်း မကျန်ခဲ့ဘူး” ဟု KNU ရဲဘော်တစ်ဦးက ကရင်သံဝဲဝဲဖြင့် ပြောနေသည်။
ထိုအချိန်တွင် ရဲဘော်အားလုံး နှာခေါင်း ပိတ်ကုန်ကြသည်။
ရုတ်ချည်းထွက်လာသော မစင်ပုပ်နံ့က စခန်းတွင်းရှိ လူအားလုံး အော့အန်လုလု။
စခန်း၏ အနောက်မြောက်ထောက်ရှိ အိမ်သာကျင်းဆီမှလာသော အနံ့ဖြစ်နေသည်။
ရဲဘော်တစ်ဦးက အိမ်သာကျင်းထဲမှ ပွိုက်ဖွိုက်(၀ဒဿမ ၅)ကျည်ဆံများနှင့် အခြားကျည်များ၊ စစ်ကောင်စီတပ်ထုတ် ခြေမှုန်းရေးသေနတ်များကို အပေါ်သို့ ပေးတင်နေသည်။
အပေါ်မှ ရဲဘော်များက ရရာအဝတ်စုတ်များ၊ ဆန်အိပ်ဟောင်းများနှင့် သုတ်ပြီး အိပ်ထဲ ထည့်နေကြသည်။
ထို မစင်နံ့ ထောင်းထောင်းထနေသော သေနတ်များ ကျည်များကို ဝိုင်းထမ်း၍ ရဲဘော်တစ်သုတ် စခန်းအောက်သို့ ဆင်းချသွားကြတော့သည်။
စခန်းထိပ်တွင်မူ ရဲဘော်အချို့က “ငါမသေ ငါ့စခန်းမကျစေရ” ဆိုင်းဘုတ်ကို နောက်ခံပြုကာ မှတ်တမ်းဓာတ်ပုံများ ရိုက်နေကြဆဲ။
KNU၊ PDF နှင့်တကွ မဟာမိတ်တော်လှန်ရေးအဖွဲ့ ၂၀ ကျော်တို့ ပူးပေါင်းသိမ်းယူလိုက်နိုင်သော ထားဝယ်ခရိုင်နယ်စပ်ရှိ ဒုတိယမြောက်စခန်းသိမ်းတိုက်ပွဲအပြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ ၃၄ တာဝန်ခံ ရဲဘော်စီဝမ်းက အောက်ပါအတိုင်း ပြောသည်။
“အောင်ပွဲဆီကို တဖြေးဖြေး ချည်းကပ်လာပြီပေါ့။ တနေ့တလံ ပုဂံဘယ်ပြေးမလဲပေါ့။ ပြည်သူတွေ အားတင်းထားကြပါ”
မေ ၉ ရက် အောင်ပွဲညတွင်မူ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း(၁)နှင့် တပ်ရင်း(၂)မှ တိုက်ပွဲဝင်ရဲဘော်တို့ အေးအေးလူလူ အနားယူနေကြသည်။
သေနတ်များကို ဘေးမှာချထားက ဂီတာတီးနေကြသည်။
လေးဖြူ၏ ယုံကြည်ရာသီချင်းသံက တိတ်ဆိတ်ညဦးဝန်းကျင်ကို
“ယုံကြည်ရာ တစ်ခုအတွက် အဆုံးတိုင် လျှောက်လှန်းပါ။ တနေ့တော့ ရောက်မှာပါ။”
ယနေ့ မနက် စခန်းသိမ်းလုသိမ်းခင် စခန်းသိမ်းရန် ၅ မိနစ်ခန့်အလိုတွင် ကျဆုံးသွားသော ထားဝယ်ခရိုင်တပ်ရင်း(၂)မှ ရဲဘော်၏ အသက်မဲ့ခန္ဓာ တင်ဆောင်ထားသည့်ကားသည် သူတို့ရှေ့မှ ဖြတ်သွားလိုက်ပြီး တပ်ရင်းရှိရာ ဦးတည်သယ်ဆောင်သွားပြီ ဖြစ်သည်။
သူတို့ မည်သူမျှ သတိ မထားမိလိုက်ကြ။
ညကား တဖြည်းဖြည်း နက်လာလေပြီ။
သီချင်းသံတိုးတိုးက ထီးခီးညလေညင်းတွင် လွင့်ပျံ့နေဆဲ..။
“လူဆိုတာအမြဲ.. ယုံကြည်ရာတစ်ခုအတွက် အသက်ကိုယ်တောင် စတေးရတာပဲ.. မင်းရဲ့ဘဝမှာ”
(၂)
အခု ဗောဓိညကော ဘယ်လိုနေမလဲမသိ။