စစ်ကောင်စီ စစ်မှုထမ်းသင်တန်းဆင်းသုံးဦးသည် ဇွန်လဆန်းတွင် ရေးမြို့နယ်နှင့် ထားဝယ်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
စစ်မှုထမ်း အပတ်စဥ် ၇ သင်တန်းဆင်း နှစ်ဦးနှင့် အပတ်စဥ် ၈ သင်တန်းဆင်းတစ်ဦးတို့ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ရေးမြို့နယ် အခြေစိုက် ခလရ ၂၉၉ စစ်ကောင်စီတပ်ရင်းတွင် တာဝန်ကျနေသည့် စစ်မှုထမ်း အပတ်စဥ် ၇ သင်တန်းဆင်း ကိုဇေဇေအောင်နှင့် ကိုညီညီသက်တို့သည် ဇွန်လ ၉ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ရေးပြောက်ကျားတပ်ထံသို့ ဘက်ပြောင်းခိုလှုံကြောင်း အဆိုပါတပ်၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ရေးပြောက်ကျားတပ်နှင့် ဆက်သွယ်၍ MA သေနတ်တစ်လက်၊ ကျည်ဘောက်လေးခု ယူဆောင်ကာ ထွက်ပြေးခိုလှုံလာကြောင်း ၎င်းက ဆိုသည်။

ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူများဖြစ်ပြီး ထိုင်းရဲ အဖမ်းခံရ၍ အချုပ်ကျကာ ရနောင်းမြို့မှ မြန်မာနိုင်ငံသို့ပြန်ပို့စဥ် စစ်သားစုဆောင်းခံရသူများဖြစ်ကြောင်း ကာယကံရှင်များ၏ ပြောပြချက်ကို ကိုးကား၍ အထက်ပါပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။
မွန်နှင့် တနင်္သာရီ ဒေသခံများဖြစ်ကြသည့် ထွက်ပြေးခိုလှုံလာသူနှစ်ဦးသည် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိရွာအခြေစိုက်၊ အမှတ် ၄ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်ခဲ့ရပြီး သင်တန်းဆင်းပြီးနောက် ခလရ ၂၉၉ တပ်ရင်းသို့ ပို့ဆောင်ခံရကြောင်း ဆိုသည်။
၎င်းတို့နှစ်ဦးကို လက်ရှိတွင် ရေးပြောက်ကျားတပ်ဖွဲ့၌ ခိုလှုံခွင့်ပြုထားကာ မည်သို့ဆက်လက်လုပ်ဆောင်မည်ကို ၎င်းတို့၏ဆန္ဒကို စောင့်ဆိုင်းနေပြီး လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာသဖြင့် ဆုငွေ ချီးမြှင့်နိုင်ရန်လည်း စီစဥ်နေကြောင်း ရေးပြောက်ကျားတပ် ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
ဇွန်လ ၇ ရက်ကလည်း ပုလောအခြေစိုက် ခလရ ၁၇ စစ်ကောင်စီတပ်ရင်းက စစ်မှုထမ်း အပတ်စဥ် ၈ သင်တန်းဆင်း ကိုနေဇော်အောင်သည် ထားဝယ်ခရိုင်အတွင်းရှိ ရှေ့တန်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းထံ MA 1 သေနတ်တစ်လက်၊ ကျည်ဘောက်လေးခု၊ မိုင်းတစ်လုံးနှင့်အတူ ဘက်ပြောင်းခိုလှုံ လာကြောင်း တပ်ရင်း (၁) ထံမှ သိရသည်။
ကိုနေဇော်အောင်သည် ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်ဇာတိဖြစ်ပြီး မော်လမြိုင်မြို့သို့ အလုပ်လုပ်ရန် ရထားဖြင့် ခရီးသွားစဥ် ဘူတာရုံ၌ အဖမ်းခံရပြီး စစ်သားစုဆောင်းခံရကာ ပလောက်မြို့ ၊ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေး သင်တန်း ကျောင်းသို့ ပို့ဆောင်ခံရကြောင်း အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည့် ရုပ်သံတွင် ကာယကံရှင်က ပြောဆိုထားသည်။
လက်နက်နှင့်အတူ ဘက်ပြောင်း ခိုလှုံလာသဖြင့် ငွေကျပ်သိန်းငါးဆယ် ချီးမြှင့်ထားကြောင်း ထားဝယ်ခရိုင် အမှတ်၁ တပ်ရင်းထံမှ သိရသည်။
ပြီးခဲ့သည် ဧပြီနှင့် မေလအတွင်း တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံခဲ့သည့် စစ်မှုထမ်း သင်တန်းဆင်းများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးရှိကြောင်း တနင်္သာရီတိုင်းစစ်ဌာနနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ မှတ်တမ်းအရသိရသည် ။