စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် တိုက်လေယာဉ်တစ်စင်း လေ့ကျင်ပျံသန်းနေစဥ် ပျက်ကျကြောင်း စစ်ကောင်စီက ယနေ့ ဇွန်လ ၁၀ ညနေပိုင်းတွင် ထုတ်ပြန်သည်။
လေ့ကျင်ပျံသန်းနေစဉ် ရုတ်တရက်စက်ချို့ယွင်းကာ ပျက်ကျမီးလောင်ခဲ့ခြင်းဖြစ်ပြီး ပျက်ကျသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က မူ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် လေကြောင်းပစ်ကူလာသည့် စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စင်းကို ယနေ့ နေ့လယ် ၁၂နာရီကျော်က ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လေယာဉ်အမျိုးအစားနှင့် လေယာဉ်မှူး သေဆုံးမှု ရှိမရှိတို့ကို စိစစ်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။



ကန့်ဒေါင့်စခန်းကို ဇွန်လ ၂ရက် တွင် စတင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း PLA ထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ဗန်းမော်မြို့ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၂၁ အနီးသို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ် သုံးစင်းအနက် နှစ်စင်းကို ပစ်ချခဲ့ရာ တစ်စင်းမှာ ပျက်ကျခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြောဆိုခဲ့သည်။
အဆိုပါ ဖြစ်ရပ်တွင်လည်း စစ်ကောင်စီကမူ စစ်ရဟတ်ယာဉ်မှာ ရုတ်တရက် စက်ချို့ယွင်းကာ ပျက်ကျခြင်းဖြစ်ကြောင်း ငြင်းချက်ထုတ်ခဲ့သည်။