မွန်နှင့် ကရင်ပြည်နယ် အစပ်တွင်ရှိသည့် ပိုင်ရပ်ကျေးရွာတွင် စာသင်ကြားနေသည့် နေအိမ် ဗုံးကြဲခံရပြီး အသက် ၁၀ နှစ်အောက် ကျောင်းသားသုံးဦးအပါအဝင် ငါးဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း ဒေသခံများထံမှ သိရသည်။
ကော့ကရိတ်မြို့နယ်ထဲတွင် ပါဝင်သည့် ပိုင်ရပ်ကျေးရွာသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ်တွင် တည်ရှိခြင်းဖြစ်သည်။
ဇွန်လ ၉ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စာသင်ကြားနေသည့် နေအိမ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
အသက် ၁၀ နှစ်အောက် ကျောင်းသား သုံးဦး၊ ဆရာမ တစ်ဦးနှင့် အမျိုးသား တစ်ဦး သေဆုံးကြောင်း ၎င်းတို့က ဆိုသည်။
“ကလေးတွေကို အိမ်မှာ စာသင်ပေးနေတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲတော့ အဲဒီအိမ်ပေါ်ကို ကျတယ်။ ရွာထဲမှာလည်း ကျတာရှိတယ်။ ကလေးတွေရော နောက်ဆရာမလည်း ထိသွားတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရသူတွေလည်း ရှိတယ်။ တော်တော်ဆိုးပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ပိုင်ရပ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်သူများလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။


စစ်ကောင်စီတပ်က ပိုင်ရပ်ကျေးရွာကို တိုက်ခိုက်ရာတွင် နိုင်ငံတကာတွင် ပိတ်ပင်ကန့်သတ်ထားသည့် ကလပ်စတာဗုံး အမျိုးအစားကို အသုံးပြုခဲ့သည်ကို တွေ့ရှိရကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ထားသည်။
MDSI သည် CDM တပ်မတော်သားများနှင့် ဖွဲ့စည်းထားသည့် သုတေသနအဖွဲ့ဖြစ်သည်။
ဗုံးကြဲခံရသည့် အနီးတဝိုက်တွင် စစ်ကောင်စီ ကပစ-၁၂ မှ ထုတ်လုပ်သည့် MAP 26 C 6 Cluster Bomb အမျိုးအစားတွေ့ရှိကြောင်းလည်း MDSI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကော့ကရိတ်နှင့် ကျုံဒိုးဘက်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြန်လည်ပြင်းထန်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားနေသည့်ကျေးရွာဘက်ကို ဒေသတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က လက်နက်ကြီးဖြင့် လှမ်းပစ်နေသည့်အပြင် လေကြောင်းဖြင့်လည်း တိုက်ခိုက်မှု ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။