လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ဆန့်ကျင်သည့် လော့စ်အိန့်ဂျလိစ်မြို့ လမ်းပေါ်ဆန္ဒပြပွဲများ လေးရက်မြောက်နေ့တွင် မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ခန့်ကို သမ္မတထရမ့် စေလွှတ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
နောက်ထပ်နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard) ဝင်များ ထပ်မံရောက်ရှိလာသည့်အချိန်အထိ မရိန်းတပ်ဖွဲ့ဝင်များကို အမေရိကန်စစ်တပ်က လော့စ်အိန့်ဂျလိစ်မြို့သို့ ယာယီတပ်ဖြန့်စေလွှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
ဆန္ဒပြပွဲများ လေးရက်မြောက်နေ့တွင် ထရမ့်အစိုးရ၏ တုံ့ပြန်မှု ပိုမိုတင်းမာအရှိန်မြင့်လာခြင်း ဖြစ်သည်။
ဆန္ဒပြပွဲများကို ဖြိုခွင်းရန် နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard) ဝင်များကို စနေ့နေ့တွင် ထရမ့်အစိုးရ စေလွှတ်တပ်ဖြန့်လိုက်ပြီးကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား တင်းမာမှု မြင့်တက်နေသည်။
တနင်္လာနေ့ ညနေပိုင်းတွင် လော့စ်အိန့်ဂျလိစ်မြို့လယ်ခေါင်ရှိ ဖက်ဒရယ်ထိန်းသိမ်းရေးစခန်းအပြင်တွင် စုဝေးနေကြသည့် ရာပေါင်းများစွာရှိသည့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က စတင်လူစုခွဲခဲ့သည်။
ထရမ့်အစိုးရက ဖမ်းဆီးထားသည့် ရွှေ့ပြောင်းနေထိုင်သူများကို အဆိုပါ ဖက်ဒရယ်ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည်။
အဆိုပါ အဆောက်အအုံအတွင်းသို့ ဆန္ဒပြသူများ ဝင်ရောက်မလာနိုင်ရန် နိုင်ငံတော်စောင့်တပ်ဖွဲ့ဝင်များက လူသားတံတိုင်းပုံစံဖြင့် ဟန့်တားပိတ်ဆို့ခဲ့ကြသည်။
ယင်းနောက် ရဲတပ်ဖွဲ့ဝင် အမြောက်အများက ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။
ဆန္ဒပြသူများကို ဖြိုခွင်းရန် နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard) နှင့် မရိန်းတပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားမှုကို ပိတ်ဆို့ဟန့်တားရန် ကယ်လီဖိုးနီးယားပြည်နယ်အစိုးရက ထရမ့်အစိုးရကို တနင်္လာနေ့တွင် တရားစွဲဆိုခဲ့သည်။
ထရမ့်အစိုးရ၏ လုပ်ရပ်သည် ဖက်ဒရယ်ဥပဒေနှင့် ပြည်နယ်အချုပ်အခြာအာဏာကို ချိုးဖောက်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ်အစိုးရက ဆိုသည်။
Source: Reuters