စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် တစ်စင်းကို ယနေ့ ဇွန်လ ၁၀ ရက် နေ့လယ် ၁၂နာရီကျော်တွင် ပစ်ချနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ကနဦးသတင်းထုတ်ပြန်ထားသည်။
မည်သည့်တပ်ဖွဲ့တို့က မည်ကဲ့သို့ ပစ်ချနိုင်ခဲ့သည်တို့ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အသေးစိတ်အချက်အလက်များကို ဆက်လက်ဖော်ပြမည်ဟုသာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



ပြည်တွင်းသတင်းတချို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပွိုင့်ဖိုက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသလို သတင်းအချို့တွင်မူ တိုက်လေယာဉ်ပျက်သည်ဟု ဖော်ပြသည်ကို တွေ့ရသည်။
လေယာဉ်ပျက်ကျပြီးနောက် ကျေးရွာတစ်ရွာ၏ လမ်းများတွင် လေယာဉ်အပိုင်းအစများတွေ့ရသလို ဘုန်းကြီးကျောင်းဝင်းရှိ အဆောက်အအုံများ မီးလောင်နေသည်တို့ကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။
ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ပြည်တွင်းသတင်းတချို့တွင် ဖော်ပြကြသည်။