BREAKING
June 11, 2025

ထားဝယ်ခရိုင် တပ်ပေါင်းစု အယောင်ဆောင်ပြီး ရွှေဆိုင်ကို ဆက်ကြေးတောင်းစာပို့

June 10, 2025

ပုံစာ - ထားဝယ်ခရိုင် တပ်ပေါင်းစုမှ ရဲဘော်များ။ (ပုံဟောင်း) ဓာတ်ပုံ - ထားဝယ်ခရိုင် တပ်ပေါင်းစု။

ထားဝယ်ခရိုင် တပ်ပေါင်းစု အယောင်ဆောင်ကာ ထားဝယ်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို ခြိမ်းခြောက် ဆက်ကြေးတောင်းသည့်ဖြစ်စဥ် ဇွန်လ ၈ ရက်က ဖြစ်ခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထံမှသိရသည်။

တပ်ပေါင်းစုအနေဖြင့် ဆက်ကြေးတောင်းသည့် ဖြစ်စဥ် မရှိခဲ့ဘဲ ယင်းငွေလိမ်တောင်းသည့် ကိစ္စကိုလည်း စုံစမ်းဖော်ထုတ်သွားမည်ဟု ထားဝယ်ခရိုင်တပ်ပေါင်းစု က ဇွန်လ ၉ ရက်တွင် ထုတ်ပြန်အသိပေးသည်။

Dawei Watch ဖတ်ရှုခဲ့ရသည့် ခြိမ်းခြောက်စာအတုတွင် ထားဝယ်ခရိုင် တပ်ပေါင်းစု၏ စည်းတံဆိပ် နှစ်ခုပါဝင်ပြီး Dwipdf@gmail.com အမည်ဖြင့် Email လိပ်စာတစ်ခုပါဝင်သည်။

ယင်းခြိမ်းခြောက်စာသည် Viber အကောင့်တစ်ခုမှ ပို့လာခြင်းဖြစ်ပြီး ထားဝယ်မြို့ ရှိ ရွှေဆိုင်တစ်ဆိုင် ၏ ပိုင်ရှင်အမည် ၊ လိပ်စာ နှင့် ဖုန်းနံပါတ် များကို လိပ်မူထားသည်။

ဇွန်လ ၈ ရက် နောက်ဆုံးထားပြီး စစ်ရေး၊အုပ်ချုပ်ရေး ရန်ပုံငွေ အဖြစ် သုံးသိန်းကျပ်ကို ပေးရန် Viber အကောင့်တွင် ဘဏ်အကောင့် တောင်းခံရမည်ဖြစ်ကြောင်း ယင်းခြိမ်းခြောက်စာတွင် ဖော်ပြထားသည်။

ယင်းအပြင် ငွေပေးချေထားသည့် ပြေစာဖြင့် တော်လှန်ရေးအင်အားစုများ စိုးမိုးသည့် နယ်မြေများရှိ စစ်ဆေးရေးဂိတ်များတွင်ပြ၍ ဖြတ်သန်းနိုင်ကြောင်း ၊ ရန်ပုံငွေထည့်ဝင်သူများ၏ နေအိမ်၊ အကျိုးစီးပွားများကို စောင့်ရှောက်မည်ဖြစ်ပြီး မထည့်ဝင်ပါက လုံခြုံရေးတာဝန်မယူကြောင်း ရေးသားထားသည်။

အလားတူ ငွေလိမ်တောင်းသည့် ဖြစ်စဥ် သည် ပြီးခဲ့သည့် မေလ က လည်း ဥယျာဉ်ခြံရှင်များထံ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) အယောင်ဆောင်၍ လိမ်လည်ငွေတောင်းသည့် ဖြစ်စဥ်တစ်ခုရှိခဲ့သည်။

ထားဝယ်ခရိုင်တပ်ပေါင်းစု အယောင်ဆောင်၍ ခြိမ်းခြောက်လိမ်လည်သည့်စာနှင့် တနင်္သာရီ ပကဖ အယောင်ဆောင်၍ ခြိမ်းခြောက်လိမ်လည်သည့်စာသည် တစ်ထပ်တည်း ပုံစံတူပြီး စည်းတံဆိပ်၊ ဖုန်းနံပါတ် နှင့် Email လိပ်စာတစ်ခုသာ ကွာခြားချက်ရှိသဖြင့် လိမ်လည်သူသည် တစ်ယောက်တည်း(သို့မဟုတ်) တစ်ဖွဲ့တည်းဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများကဆိုသည်။

“စာနဲ့ပတ်သက်ပြီး စုံစမ်းသိရှိတာကတော့ အခုထိမပေါ်သေးဘူးပေါ့နော်။ ဆက်လက်စုံစမ်းနေတုန်း ဖြစ်ပါတယ်။ ထားဝယ်ခရိုင် တပ်ပေါင်းစု ရဲ့ တံဆိပ်လိုဂို ကိုအသုံးပြုပြီး ငွေကြေးအလွဲသုံးစား ခြိမ်းခြောက်စာတောင်းတာကတော့ ဒါပထမဦးဆုံးအကြိမ် ကြုံတွေ့ရတာဖြစ်ပါတယ် “ ဟုထားဝယ်ခရိုင် တပ်ပေါင်းစု မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကပြောသည်။

ထားဝယ်ခရိုင် အတွင်းရှိ တော်လှန်ရေး တပ်ရင်း ၊ တပ်ဖွဲ့များမှ ရဲဘော်များ၏ ဓာတ်ပုံများကို အသုံးပြုကာ အကောင့်အတုများဖွင့်၍ ငွေလိမ်လည်နေမှုများလည်းရှိနေကြောင်း တော်လှန်ရေးအင်အားစုများထံမှသိရသည်။

“တော်လှန်ရေးနာမည်တွေကို အသုံးပြုပြီးတော့ ကိုယ်ကျိုးစီးပွားရှာနေတာကတော့ ကျွန်တော်တို့ ဒေသတစ်ခုတည်းမဟုတ်ပါဘူး။ တစ်နိုင်ငံလုံး မှာ ဒီလိုပဲ တော်လှန်ရေးကို နည်းအမျိုးမျိုးနဲ့ ပုံဖျက်ပြီး လုပ်နေတာအများအပြားတွေ့ရတယ်။ ပြည်သူလူထုအနေနဲ့ ကျွန်တော်တို့ဆီ တိုက်ရိုက်စုံစမ်းလို့ရပါတယ်။ ဆက်သွယ်လို့ရမယ့် အဆက်အသွယ် တွေလည်းပေးထားပါတယ်။ လုံးဝဆက်သွယ်လို့မရရင် သက်ဆိုင်ရာ တပ်ရင်း ၊ တပ်ဖွဲ့တွေရဲ့ လူမှုကွန်ရက်(စာမျက်နှာ)တွေကို ဆက်သွယ်ပြီး ချက်ချင်း ကို အတည်ပြုလို့ရပါတယ် ” ထားဝယ်ခရိုင် တပ်ပေါင်းစု မဟာမိတ်ဆက်ဆံရေးတာဝန်ခံက တိုက်တွန်းထားသည်။

ထားဝယ်ခရိုင် တပ်ပေါင်းစု သည် ထားဝယ်ခရိုင် အတွင်းရှိ PDF တပ်ရင်း နှစ်ခုနှင့် ပကဖ တပ်ဖွဲ့ လေးခု တို့ပါဝင်ကာ အမျိုးသားညီညွတ်ရေး အစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် စုစည်းခဲ့သည့် တော်လှန်ရေးအင်အားစုဖြစ်သည်။