BREAKING
June 11, 2025

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ ဗောဓိစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များတိုက်ခိုက်

June 10, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ဗောဓိစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဇွန်လ ၈ ရက်ကစတင်ပြီး တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များ ထံမှ သိရသည်။

ထိုင်း-မြန်မာ ထီးခီးနယ်စပ်တွင် စစ်ကောင်စီတပ်၏ ဗောဓိစခန်းနှင့် ငါးရံ့နီစခန်းနှစ်ခုသာကျန်ရှိပြီး ယခု ဇွန်လတွင် ဗောဓိစခန်းကို ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

ဧပြီလ ၁၉ ရက်နှင့် မေလ ၉ ရက်တို့တွင် ထိုင်း-မြန်မာနယ်စပ်က ထီးထဗျူဟာစခန်းကုန်းနှင့် ထီးခီးနယ်စပ်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။

နယ်စပ်တွင်ရှိသည့် စစ်ကောင်စီစခန်းအားလုံးကို သိမ်းယူထိန်းချုပ်နိုင်ရန် KNLA ဦးဆောင်မှုဖြင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပူးပေါင်းတပ်တွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ဗောဓိစခန်းက ဘယ်လောက်အရေးပါလဲဆို နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မနီးမဝေးမှာပဲ တည်ရှိတယ်။ တောင်ပိုင်း စစ်ဆင်ရေးမူအရ ဒီနယ်စပ်မှာ စစ်ကောင်စီစခန်းကင်းစင်ရေးဆိုတဲ့မူကို ပထမဦးစားပေးပေါ့ဗျာ” ၎င်းက ပြောဆိုသည်။

စတင်တိုက်ခိုက်သည့်နေ့တွင် စစ်ကောင်စီက ဗောဓိစခန်းပတ်ပတ်လည်အပြင် အမိုကျေးရွာဘက်ကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဗောဓိစခန်းဘက်တွင် ဗုံးအလုံးရေမည်မျှကြဲချခဲ့သည်ကို တိတိကျကျ မသိရသော်လည်း အမိုရွာဘက်ကိုမူ ဗုံးတစ်လုံး ကြဲချခဲ့သဖြင့် ထိုင်းမှ မြန်မာသို့ ပြန်လာသူ အရပ်သားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာပြင်းထန်ရကြောင်း ၎င်းက ပြောသည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်အချို့ထိခိုက်ပျက်စီးပြီး ဗောဓိစခန်းအနီးက အမိုကျေးရွာအပါအဝင် ထီးခီးက ဒေသခံများပါ စိုးရိမ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေများကို စုံစမ်းနေဆဲဖြစ်သည်။