အမေရိကန်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုဖြင့် အိန္ဒိယနှင့် ပါကစ္စတန်အကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။
ကြည်း၊ ရေ၊ လေ စစ်ရေးလှုပ်ရှားမှုအားလုံးကို မေလ ၁၀ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် စတင်ရပ်ဆိုင်းပြီဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ အိန္ဒိယနှင့် အပစ်ရပ်ပြီ ဖြစ်ကြောင်း ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်ကလည်း အတည်ပြုခဲ့သည်။
“အမေရိကန်ပြည်ထောင်စုရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ တစ်ညတာ ဆွေးနွေးမှုတွေ အချိန်အကြာကြီး လုပ်ခဲ့ပြီးတဲ့နောက်မှာ အိန္ဒိယနဲ့ ပါကစ္စတန်အကြား အလုံးစုံ ချက်ချင်း အပစ်ရပ်ဖို့ သဘောတူလိုက်ပြီဆိုတာကို ကျွန်တော် ဝမ်းမြောက်ဝမ်းသာ အသိပေးလိုပါတယ်” ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းပိုင်ဆိုင်သည့် Truth လူမှုကွန်ရက်ပေါ်တွင် ရေးသားလိုက်သည်။
အပစ်ရပ်မှုနှင့် ပတ်သက်၍ ယနေ့ ညပိုင်းတွင် ပါကစ္စတန်ဝန်ကြီးချုပ်ရှက်ဘက်ရှာရစ်က နိုင်ငံကို မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ ပါကစ္စတန်၏ လေပိုင်နက်ကိုလည်း လေယာဉ်ပျံသန်းမှုအမျိုးအစားအားလုံးအတွက် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။
အိန္ဒိယနှင့် ပါကစ္စတန်အကြား လာမည့် တနင်္လာနေ့တွင် ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ နှစ်ပတ်ကြာ စစ်ပွဲကြောင့် နှစ်ဦးနှစ်ဖက် လူ ၆၆ ဦးထက် မနည်း သေဆုံးခဲ့သည်။
၁၉၄၇ ခုနှစ် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရပြီးနောက် ကက်ရှိမီးယားဒေသ အငြင်းပွား နှစ်နိုင်ငံမကြေမလည် ဖြစ်နေဆဲဖြစ်သည်။