BREAKING
May 10, 2025

ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေးတစ်ဦးသေဆုံး

May 10, 2025

ပုံစာ - ထားဝယ်ဆေးရုံကြီး ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့တွင် သွေးလွန်တုန်ကွေးရောဂါကြောင့် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံများနှင့် ကူညီဆောင်ရွက်ပေးသူများထံမှ စုံစမ်းသိရှိရသည်။

သွေးလွန်တုပ်ကွေးဖြစ်နေသည့် ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်မှ အသက် ၆ နှစ်အရွယ် မိန်းကလေးမှာ ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရင်း မေလ ၉ ရက်နေ့ ညက သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

ယင်းအပြင် ပုဂ္ဂလိ ဆေးရုံနှင့် အစိုးရဆေးရုံများတွင်လည်း ဖျားနာရောဂါ လက္ခဏာအပြင် သွေးလွန်တုပ်ကွေး လက္ခဏာတွေ့ရှိသည့် လူနာများရှိနေကြောင်း ဆေးရုံ နှင့်နီးစပ်သူများထံမှစုံစမ်းသိရှိရသည်။

“အဖြစ်များတဲ့အချိန်တော့ မဟုတ်သေးဘူး ပုံမှန်ပါပဲ။တကယ်တော့ ၆ လပိုင်း လလယ်လောက်ဆို ပိုများတတ်ပါတယ်”ဟု ဆေးရုံနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခု မေလပထမပတ်အတွင်း ထားဝယ်မြို့ပေါ်ရှိ ကညုံ ၊တလိုင်းမ၊ တလိုင်းထိန်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေး လက္ခဏာတွေ့ရှိသည် လူနာ များတွေ့ရှိရခြင်းကြောင့် မြို့ခံပရဟိတအသင်းက ခြင်ဆေးဖြန်းပေးကြောင်း အဆိုပါပရဟိတအသင်း တာဝန်ရှိသူထံမှသိရသည်။

“အဖြစ်များလာတယ်ဆိုရင် ကာကွယ်ရေးအတွက် ဆေးဖြန်းမယ့် ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးတိုင်ပင်နေတာတော့ရှိတယ်”ဟု ယင်းတာဝန်ရှိသူကပြောသည်။

ပြီးးခဲ့သည့်ဧပြီလ တတိယပတ်အတွင်း ထားဝယ်ဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ကံပေါက်ဒေသတွင်လည်း ကလေးအချို့ သွေးလွန်တုပ်ကွေးအဖြစ်များ၍ ထားဝယ်ပြည်သူဆေးရုံကြီးကို လွဲပြောင်းကုသရကြောင်း သတင်းများအရ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် Aedes ခြင်မျိုးမှ သယ်ဆောင်သည့် Dengue Virus ပိုးကြောင့် ဖြစ်ပွားတတ်သော ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါပြင်းထန်ပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်၍ မိုးကြိုကာလနှင့် မိုးရာသီ အစပိုင်းများတွင် ပိုမိုသတိထား ကာကွယ်ရန်လိုအပ်သည်။