ဘုတ်ပြင်းမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်က တပ်သားနှစ်ဦးသည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းကျေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)ထံ လက်နက်နှင့်အတူ ဘက်ပြေင်းခိုလှုံကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
မေလ ၉ ရက် မွန်းလွဲ ၂နာရီတွင် သိန်ခွန်းကျေးရွာရှိ KNU တပ်မဟာ ၄လက်အောက်ခံ KNLAတပ်ရင်း ၁၁ထံ MA1 အမျိုးအစား သေနတ် နှစ်လက်နှင့်အတူ ဘက်ပြောင်းလာကြောင်း KNLA တပ်ရင်း ၁၁ တပ်စိတ်မှူး ကိုချစ်က ပြောသည်။
ဘုတ်ပြင်းအခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၂၄တပ်ရင်းက အသက်၃၆ နှစ်အရွယ် တပ်ကြပ်ကြီးတစ်ဦးနှင့် အသက် ၂၇ နှစ်အရွယ် တပ်သားတစ်ဦးတို့ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
”သူတို့က စစ်သားတွေပဲ။ မနေ့ နေ့လယ်ဘက်က ရှေ့တန်းတစ်နေရာမှာ သွားကြိုလာတယ်။ တစ်ဦးချင်းကို ဆုငွေတွေ ပေးလိုက်ပြီးပြီ” ဟု တပ်စိတ်မှူးကိုချစ်က ပြောသည်။

ဘက်ပြောင်းလာသည့် တပ်ကြပ်ကြီးမှာ စစ်သက် ၉နှစ် ရှိပြီး တပ်သားမှာ စစ်သက်၅နှစ်ရှိကာ စစ်ကောင်စီတပ်တွင် စစ်မှုမထမ်းလိုတော့သည့်အတွက် ခိုလှုံလာသည်ဟုပြောကြောင်း ဘက်ပြောင်းလာသူများ၏ ပြောဆိုချက်ကို ကိုးကားကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြန်ပြောပြသည်။
”သူတို့ကို တစ်ဦးကို သိန်း၃၀ စီ ဆုချလိုက်တယ်။အရင်လက လက်နက်မပါဘဲ ဝင်လာတဲ့ ၆ယောက်ကို မျှပြီးဆုချလိုက်တော့ နည်းသွားတယ်” ဟုအထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
အထက်ပါ စစ်ကောင်စီ တပ်သားနှစ်ဦးသည် MA 1 သေနတ်နှစ်လက်၊ ကျည်ဘောက် ကိုးခု၊ ၅ဒသမ၅၆ကျည် ၃၂၈တောင့်ယူဆောင်ကာKNLAတပ်ရင်း ၁၁ လက်အောက်ခံ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းထံ ဘက်ပြောင်းခိုလှုံလာကြောင်း ထုတ်ပြန်ထားသည်။