ထားဝယ်မြို့နယ် တောနားကျေးရွာအနီးရှိ ကွန်ကရစ်တံတားငယ်တစ်စင်းကို စစ်ကောင်စီတပ်က ယနေ့ မေလ ၁၀ရက် နံနက်ပိုင်းတွင် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါတံတားမှာ ရှမ္မတွင်းနှင့် တောနားကျေးရွာ ရွာချင်းဆက် တံတားငယ်ပြီး ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ် အင်အား တစ်ရာဝန်းကျင် ကားနှစ်စီးဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
“ကွန်ကရစ်တံတားကို ဘက်ဟိုးနဲ့ လာဖျက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
တံတားငယ်ကို ဖြိုချကာ မြေကြီးကိုပါတူးကာ ဖျက်ဆီးလိုက်သဖြင့် လမ်းပိုင်း ဖြတ်တောက်သွားပြီး ကား၊ ဆိုင်ကယ် စသည် မော်တော်ယာဉ်များ သွားလာ၍ မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။
ယခုဖျက်ဆီးခံရသော တံတားငယ်သည် ထားဝယ်မြို့အဝင်၌ရှိသော ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်နှင့် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။

တံတားကို ဖျက်ဆီးနေချိန်တွင် စစ်ကောင်စီတပ်သည် ပေါက်တိုင်းတံတားကိုလည်း ၂ နာရီနီးပါးကြာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ကြောင်း ခရီးသွားဒေသခံတစ်ဦးက ဆိုသည်။
“ကားနှစ်စီးနဲ့ စစ်သားတွေဆင်းပြီးမှာ ပိတ်လိုက်တာ။ အစ်မတို့တောင် သွားမရလို့ ပြန်လှည့်လာရတယ်” ဟု ၎င်းက ပြောသည်။
ပိတ်ထားသည့် ပေါက်တိုင်းတံတားကို မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ပြန်ဖွင့်ပေးလိုက်ပြီး ကျောက်ရပ်လမ်းဆုံးတွင် စစ်ကောင်စီတပ်သားများ နေရာယူထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၇ ရက် နံနက်စောစောတွင် ပေါက်တိုင်းတံတား စစ်ဆေးရေဂိတ်ကို တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။