ရာသီဥတုက လေကလေး တဖြူးဖြူးနဲ့ ဆိုတော့ ကလေးတွေကြားမှာ ငှက်လွှတ်မယ်ဆိုတာက ခေတ်စားလာပြန်တယ်။ ဒါပေသိ ရွာထဲမှာ အရင်ကလို ရယ်ဒီမိတ် လုပ်ထားပြီးသား ရောင်စုံစွန် (ငှက်) တွေကို ဈေးဆိုင်တွေမှာ တင်ရောင်းတာမျိုးလည်း မရှိတော့ဘူး။
ပြီးတော့ ကလေးတွေကြားမှာသာ စွန်လွှတ်ချင်တယ် ဖြစ်နေတာ ဒီရာသီက စွန်လွှတ်ဖို့ ကောင်းတဲ့ရာသီလည်း မဟုတ်သလို ကလေးတွေကို စွန်လုပ်ပေးဖို့၊ စွန်လွှတ်သင်ဖို့ လူကြီးမိဘတွေကလည်း အားမနေကြပြန်ဘူး။
ဂျစ်ဂျစ်က သူ့အဖေကို ငှက်တခုချိုးပေးဖို့ ပူဆာတယ်။ ဖအေ လုပ်တဲ့သူကလည်း မအားတဲ့ကြားထဲက ဂျစ်ဂျစ် အတွက် ငှက်တခုချိုးပေးဖို့ ကရိကထများရပြန်တယ်။ ကိုအေးကတော့ သူ့သား မိတဆိုးလေး ဂျစ်ဂျစ် အပေါ် သိပ် စိတ်လက်ရှည်တာရယ်။ ဂျစ်ဂျစ်လို ဂျစ်ကန်ကန် ကလေးကြီးကို သူမို့စိတ်ရှည်တယ်။ ကလေးကြီးလို့ ဆိုရတာကလည်း ဂျစ်ဂျစ်က အသက်အရွယ်ဖြင့် သိပ်မငယ်တော့ဘူး။ ဒါပေမဲ့ သူက ကလေးတယောက်လိုပဲ ပတ်ဝန်းကျင် အကြောင်း လောကကြီးအကြောင်း သိပ်မသိ။ သူ့အရွယ်နဲ့ မျှအောင် မသိတဲ့ ကလေးကြီး ဂျစ်ဂျစ်ပေါ့။
တကယ်တော့ ရွာမှာ ဂျစ်ဂျစ်လို ကလေးကြီးတွေလည်းအများသား။ ကိုဗစ်မှာ ကျောင်းနေအရွယ်ဖြစ်၊ ကျောင်းစတက်ဖို့နောက်ကျ။ ရောဂါကြောက်ပြီး မြို့ပြန်သွားတဲ့ ကျောင်းအုပ်ကြီးကလည်း ကိုဗစ်မိတယ် ဆိုလားပဲ၊ ပြန်မရောက်လာ။
အဲ နောက်တော့ ကိုဗစ်တွေ ခဏငြိမ်တာနဲ့ ယာယီကျောင်းအုပ်နဲ့ ကျောင်းပြန်ခဏ ပြန်ဖွင့်တုန်း ဂျစ်ဂျစ်တို့ အုပ်စုတွေ ကေဂျီတန်းဆိုလား စတက်ရတယ်။ ရွာမှာဆိုတော့လည်း မိဘတွေက အလုပ်များတာနဲ့ ကလေးတွေကို သိပ်ကျပ်မတ် မနိုင်တော့ သူတို့ ကလေးတွေ ဘာတွေ သင်လို့ ဘာတွေတတ်လဲ မသိကြတာကများ။ ကျောင်းတွေကလည်း ကိုဗစ်နဲ့ ပိတ်လိုက်ဖွင့်လိုက်ဖြစ်ပြီးကတည်းက အခုထိလည်း အဲသလို။
အာဏာသိမ်းတယ် ဆိုလား။ အဲဒါကြီးဖြစ်ပြန်တော့ ရွာက မူလွန်လေးလည်း ပိတ်သွားပြန်ရော။ နယ်ခံဆရာတချို့နဲ့ ရွာက ကမကထ ပြန်လုပ်ပြီး ကျောင်းကလေးပြန်ဖွင့်ပေမဲ့ ဆရာက မစုံ။ ကလေးတွေကလည်း အရွယ်လွန် ကျောင်းသူ/သားတွေ က ခပ်များများ။
သေနတ်သံတွေ ရွာဖက် ရောက်လာတော့ ရှောင်ကြဦးလို့ သတင်းကြားရင် တရွာလုံး ဟိုပြေး ဒီရှောင်နဲ့ ဂျစ်ဂျစ်တို့ရဲ့ ကျောင်း ကလေးလည်း ပိတ်တခါ ဖွင့်တလှည့်နဲ့ပဲ တရွေ့ရွေ့ပေါ့။ တတိယတန်းကျောင်းသား ဖြစ်လာပေတဲ့ ဂျစ်ဂျစ် ကတော့ အေဘီစီဒီ မဖြောင့်သေး၊ ကကြီး ခခွေး မတတ်သေး ဘူး။ လူကောင်ကခပ်ထွားထွား၊ အသက်က ဆယ်စုနှစ်စွန်းတော့မယ့် ဂျစ်ဂျစ်တို့လို ရွာထဲမယ် အများသားပေါ့။
စာသာဖြောင့်အောင် မရေးတတ် မဖတ်တတ်သေးတာ ဂျစ်ဂျစ်က ဉာဏ်တော့အပြေးသား။ သူလိုချင်တဲ့ စွန် က ဘယ်လိုဆိုတာ သူ့အဖေကို အတိအကျ ပူဆာတယ်။ စွန်က သက်တံ ရောင်ဖြစ်ရမယ်တဲ့။ သူ့ လက်ရေးလှ ဗလာစာအဖုံးပေါ်က ပန်းချီကားလေးထဲကလိုမျိုးပေါ့။ အရောင်တွေ အစုံမမှတ်မိတတ်တဲ့ ငဂျစ်က သူ့ငှက်မှာ သက်တံ ရောင်လို ရောင်စုံ လိုချင်တယ်လို့တော့ သေချာပြောတာပဲ။
ကိုအေးလည်း ငှက်ချိုးဖို့ ဝါးခုတ်ရ၊ ပလပ်စတစ်ရှာရနဲ့ အလုပ်ရှုပ်တာပဲ။ ခေတ်ကြီးမပျက်ခင်ကဆို ရွာက ကုန်စုံဆိုင်မှာ အခန့်သားဝယ်ပေးလိုက်ရုံ။ အခုတော့ ကုန်စုံဆိုင်တွေလည်း ဆန်လို၊ စားဆီလိုဟာတောင် ပြတ်ပြတ်လာတယ်။ ကျန်တဲ့ဟာဆို မပြောပါနဲ့တော့။ ကြီးလာလိုက်တဲ့ ဈေးနှုန်းကလည်း အရှင်မွေးတော့ ချက်ချင်းကြီးဆိုသလိုပဲ။ အခုလည်း ကိုအေးတယောက် ရွာထဲက တခုတည်းကျန်တော့တဲ့ ကုန်စုံဆိုင်လေးမှာ ရောင်စုံ ပလပ်စတစ်အိတ်က ဝယ်မရ၊ အပ်ချည်လုံးကလည်း ကုန်နေ၊ လိုချင်တဲ့ တိတ်ကလည်းရှာမရနဲ့ စိတ်ပျက်ပြီး အကြံအိုက်နေပါရောလား။ မနက်ဖြန် သက်တံရောင်ငှက်ကလေး ရစေ့မယ်လို့ သူ့သားတော်မောင်ကို ကတိပေးထားတယ် မဟုတ်လား။
ကိုအေးအတွက် ဂျစ်ဂျစ်ဟာ ဘဝရဲ့ အဓိပ္ပါယ်ပဲ။ ဒီခေတ်ဆိုးကြီးထဲမှာ၊ စစ်မီးကြားက ဇနပုဒ်တခုမှာ ဒုက္ခ သုက္ခ သဗ္ဗရနံနဲ့ သည်းညည်းခံနေတာဟာ ဂျစ်ဂျစ် တည်းဟူသော သူ့ရဲ့ ရတနာကြောင့်ပဲ။ ပြီးခဲ့တဲ့နှစ်က စစ်ရှောင်နေရတုန်း ကိုအေးရဲ့ ဇနီးဟာ ကွယ်လွန်သွားရှာတယ်။ သူ့ခမြာ ဆေးရုံဆေးခန်းနဲ့သာနီးရင် အခုထိ ရှင်နိုင်ဦးမယ်လို့ပဲ တွက်ကြတယ်။
မိတဆိုးလေးဖြစ်လာတဲ့ ဂျစ်ဂျစ်အတွက် ကိုအေးဟာ တခုတည်းသော အားကိုးစရာဖြစ်သလို ကိုအေးအတွက် ဂျစ်ဂျစ်ဟာ သူရှင်သန်နေရခြင်းရဲ့ ရေသောက်မြစ်ပဲ။ သိပ်ချစ်ရတဲ့ ဇနီးတယောက် ကာလဆိုးကြီးထဲမှာ ဆုံးသွားတာကို ဖြေမဆည်နိုင်တဲ့ ကိုအေးဟာ ဇနီးသည်နောက်ကို လိုက်သွားဖို့ မိုက်မိုက်မဲမဲ ဆုံးဖြတ်ခဲ့ဖူးပေမဲ့ သူ့သား ဂျစ်ဂျစ်ကို သူ့လို ဆွေမျိုးမဲ့ မိဘမဲ့ တကောင်ကြွက်လို ခေတ်ဆိုးကြီးထဲ ထားပစ်ခဲ့ရအောင်တော့လည်း သူမလုပ်ရက်ပြန်ဘူး။ ဒီတော့လည်း သူ့ဇနီးရဲ့ အငွေ့အသက်ရှိရာ ဒီရွာလေးမှာ သားအဖနှစ်ယောက် အခြေချလို့ပေါ့။
ဂျစ်ဂျစ်က ဝါသနာတမျိုး။ အရောင်စုံပါတဲ့ အရာလေးတွေဆို သဘောကျပြီး ထမင်းမေ့ ဟင်းမေ့ လိုက်ကြည့် လိုက်ငေး၊ ဝယ်ပေးဖို့ ပူဆာတာမျိုးလုပ်တတ်တယ်။ ငှက်ကလေးတွေဆိုလည်း ကျီးလို ဗျိုင်းလို အရောင်တမျိုးတည်းဆို သူသဘောမကျ။ ဝတ်ရည်စုပ်ကျောနီ၊ နှံပြည်စုတ်၊ ငှက်ခါး၊ မိုးခေါ်ငှက်၊ ပိန်းညင်းတွေဆို သဘောကျတယ်။ ကိုအေးကို တခါက နှုတ်သီးနီကျေးတွေ ဖမ်းပေးဖို့ပူဆာဖူးတယ်။ လိပ်ပြာတွေ လိုက်ဖမ်းပြီး ဖလ်ဘူးထဲ ထည့်ထားတတ်တယ်။ ကလေးလို သိပ်ဉာဏ်မမီသေးတဲ့ ဂျစ်ဂျစ်ကို ကိုအေး တစ်ခါတလေတော့ စိတ်ဆိုးရတယ်။ ငဂျစ်ကလည်း မဟုတ်တာတွေပူဆာတတ်တာကိုး။
တခါသား မိုးရွာပြီးလို့ သက်တံ အကြီးကြီးပေါ်လာတော့ ငဂျစ်က အဲဒါကို ယူပေးလို့ ငိုယိုပြီးပြောတော့ ကိုအေးလည်း အတော်လေးစိတ်ညစ်ရဖူးတယ်။ တော်တော်လည်း သူ့သားကို ချော့လိုက်ရတယ်။ စိတ်ရှည်သူမို့သာ လက်မပါတာ။ ကိုအေးဆိုတာက ဂျစ်ဂျစ်ကို တခါမှ ရိုက်ဖူးတာမဟုတ်ဘူး။ သူ့သားကို မရိုက်ဘဲ ဆုံးမဖို့ ရွာက ဆရာတွေကို ကိုအေးက ခပ်တင်းတင်း တောင်းပန်ထားတာမျိုး။
ဂျစ်ဂျစ်က သူ့ဘော်ဒါတွေကို ဗလာစာအုပ်အဖုံးပေါ်က ပန်းချီပြပြီး သူ့အဖေ ရောင်စုံငှက်လုပ်ပေးနေကြောင်း လိုက်ကြွားတယ်။ ပြီးတော့ ဝိုင်းပြီးတော့ ငှက်လွှတ်ကြမယ်လို့လည်း အချိန်းအချက်ကပါသေး။ ငှက်အလှပြိုင်ပွဲပေါ့။ ဒါပေသိ သူတို့ မှာ တခြားလူတွေပေးမသိတဲ့ လျှို့ဝှက် သဘောတူညီချက်ကြီး တခုကလည်း ရှိသေးတယ်။ အဲဒါကတော့ ရွာနားက ချောင်းနံဘေး သဲသောင်မှာ ငှက်လွှတ်ကြမယ်ဆိုတာပဲ။
လူကြီးတွေသိရင် အဲဒီနားဘယ်လွှတ်ကြမလဲ။ ချောင်းက လူစားတတ်တယ်လို့ ရွာကလူကြီးတွေကပြောတယ်။ ကလေးတွေရော လူကြီးရော ရေနစ်ကြတာလည်း နှစ်တိုင်းလိုလိုကိုး။ ဒါပေသိ ငဂျစ်တို့ အုပ်စုကတော့ ရေမကူးတတ်တဲ့သူမရှိ။ ဒါပေသိ ငဂျစ်တို့ ချောင်းနံဘေးနေရာရွေးတာက အဲဒီဖက်မှာ လေတဖြူးဖြူးရှိတာရယ် နဲ့ ငှက်ကို အရှိန်တင်ဖို့ ပြေးလို့ကောင်းတဲ့ မြေတလင်းလည်းရှိလို့ရယ်။ ရေခိုးကူးဖို့တော့မဟုတ်ဘူး။ ဂျစ်ဂျစ်ကလည်း သူ့အဖေကို ချောင်းထဲမှာ သူ့အဖေမပါဘဲ ရေမကူးပါဘူးလို့ ကတိပေးပြီးသား။
ဘယ်လိုကြံဖန်လိုက်တယ် မပြောတတ်ပါဘူး။ ပုံထဲကလို ရောင်စုံငှက်ကလေး တခုတော့ ဖြစ်လာတာပဲ။ ပုံတော့ သိပ်မကျပေမဲ့ ဂျစ်ဂျစ်လိုချင်တဲ့ ရောင်စုံငှက်ကလေး။ အမြီးလေးတွေလည်း ခပ်ရှည်ရှည်နဲ့။ ငဂျစ်ကတော့ ပျော်နေတာပဲ။ “သား သူငယ်ချင်းတွေကို သွားကြွားလိုက်ဦး။ အပ်ချည်ကြိုးက သိပ်မရှည်လို့ နိမ့်နိမ့်ပဲ ပျံခိုင်းနော်။ ခပ်ဝေးဝေးမသွားနဲ့။ အဖေ ခြံထဲခဏဆင်းဦးမယ်။
နေ့ခင်းကျရင် အဖေတို့ မအုန်းရှင် ဆိုင်မှာ သားအတွက် ကျောပိုးအိတ်သွားကြည့်ရအောင်။ ကျောင်းဖွင့်တော့မယ်။ ဂရုစိုက်ပြီးနေ။ ခပ်ဝေးဝေး သွားမဆော့နဲ့နော။” တဲ့။ ကိုအေးက ငဂျစ်ကို မှာတယ်။ ငဂျစ်ကလည်း ဘယ်အချိန်ကတည်းက သွားဖို့ တာစူနေလည်းမသိ။ လှစ်ခနဲပဲ စွန်ကြီးကိုင်ပြီး သူ့ဘော်ဒါတွေနဲ့ စုရပ်ကို အပြေးကလေးထွက်သွားတယ်။ ကိုအေးတယောက်တော့ သူ့ထုံးစံ အတိုင်း ပလိုင်းလွယ်၊ ဝါးခမောက်လေးဆောင်း၊ ကွမ်းလေးမြုံ့လို့ နာရီဝက်လောက် လျှောက်ရတဲ့ သူတို့ ဥယျာဉ်လေး ဝမ်းစာအတွက် ထွက်သွားလေရဲ့။ အိမ်ကလေးကတော့ တိတ်တဆိတ်နဲ့ ကျန်ခဲ့ပေါ့။
သူ့သူငယ်ချင်းတွေကြားမှာ ဂျစ်ဂျစ်တယောက် ရောင်စုံငှက်ကို ကြွားလုံးထုတ်နေတယ်။ ဝဲဘို၊ သံစေ့၊ ဖိုးနီ နဲ့ ကန်းကန်း တို့မှာလည်း ငှက်တခုစီ။ ဘယ်ကရလာတယ်မသိ။ ဒီလိုနဲ့ ငဂျစ်တို့အုပ်စု ရွာထဲမှာ ယီးတီးယောင်တောင် ကစားချင်ယောင်ဆောင်ပြီး ချောင်းဖက်ကို အလျှိုအလျှို လစ်ထွက်လာကြတယ်။
သစ်ပင်တွေကျဲ၊ မြေတလင်းကလည်းပြန့်၊ သဲသောင်ကလည်း ညီ၊ လေကလည်းဖြူးသနဲ့ ဂျစ်ဂျစ်တို့ အကြိုက်ပေါ့။ ပြီးတော့ ချောင်းဖက်မှာက လူရှင်းတော့ သူတို့ကိုဆူမယ့် သူလည်းမရှိ။ သူတို့ ငှက်တွေကပဲ မကောင်းလို့လား၊ ငှက်ပဲ မလွှတ်တတ်လို့လားမသိ။ စွန်တွေက အမြင့်ကြီး မတက်။ ပြန်ကျလိုက်၊ ပြန်လွှတ်လိုက်နဲ့ အော်ကြဟစ်ကြပေါ့။ ဖိုးနီရဲ့ ငှက်ကတော့ လေအဝှေ့မှာ ကြိုးပြတ်သွားလို့ သူတို့ တအုပ် အမောတကော လိုက်ဖမ်းကြရသေးတယ်။
လေကလည်း ပိုကောင်းလာတယ်။ ဂျစ်ဂျစ်ရဲ့ သက်တံရောင် စွန်ကို ဝဲဘိုနဲ့ သံစေ့က ကိုင်ထားပေးပြီး ဂျစ်ဂျစ်က လွှတ်တင်ဖို့ အရှိန်ယူတယ်။ လေတချက် အဝှေ့မှာ ရောင်စုံစွန်လေးဟာ လေဟုန်စီးရင်းထိုးတက်သွားတယ်။ အမြီးရှည်လေးတွေဟာ လေထဲတလူလူနဲ့။ ကလေးတသိုက် ဟေးခနဲ အားပါတရအော်မြူးကြတယ်။ ဂျစ်ဂျစ်ကလည်း သူ့ငှက်ကို မော့ကြည့်ပြီး မြူးလို့။ သူတို့အပျော်က သိပ်တော့မခံလိုက်ဘူး။
လေခပ်ပြင်းပြင်း တချက်မှာ မခိုင်တဲ့ စွန်ကြိုးလေးဟာ ပြတ်ထွက်သွားတယ်။ သက်တံရောင်စွန်လေးဟာ အထိန်းအကွပ်မဲ့သွားပြီး လေနဲ့ပါသွားတယ်။ လိုက်ကြ လိုက်ကြ။ ဂျစ်ဂျစ်ရဲ့ စွန်လေးဟာ ခပ်လှမ်းလှမ်း ချောင်းနံဘေးက ကိုင်းပင်ရှည်ရှည်တွေနဲ့ တောထနေတဲ့ နေရာမှာ ထီးထီးကြီး ပေါက်နေတဲ့ ရေသဖန်းပင်ရဲ့ အကိုင်းဖျားမှာ တက်ချိတ်နေတယ်။ ဂျစ်ဂျစ်ကလွဲရင် ကျန်တဲ့သူတွေက ကိုင်းတောထဲက ရေသဖန်းပင်ကို မသွားဝံ့ကြဘူး။ မသွားချင်ကြဘူး။ ဂျစ်ဂျစ်ကိုလည်း မသွားဖို့ တားကြတယ်။
မိုးကလည်း အုံ့လာတယ်။ လေကလည်း ပိုတိုက်လိုက်ပြန်တယ်။ “ပြန်ရအောင် ငဂျစ်၊ မိုးရွာတော့မယ်၊ သွားမယူနဲ့တော့ကွာ”။ ဂျစ်ဂျစ်တယောက် သူ့ဘော်ဒါတွေကို စိတ်ဆိုးဆိုးနဲ့ ထားခဲ့ပြီး ထူပိန်းနေအောင် ပေါက်နေတဲ့ ကိုင်းတောထဲ တိုးဝင်လို့ ရေသဖန်းပင်ကြီးရှိရာကို သွားနေတယ်။
“ဟာ ..ဒီကောင်ကွာ” လို့ပဲ ဝဲဘိုတို့ တအုပ်ပြောနိုင်တော့တယ်။ ခဏနေတော့ မိုးဖွဲလေးတွေ ကျလာတာမို့ ငဂျစ်ဘော်ဒါတွေ အိမ်ကို ပြန်ဖို့ လုပ်တော့တယ်။ “ငဂျစ်ရေ… ငါတို့ပြန်တော့မယ်” လို့ တယောက်ယောက်က အော်လိုက်တုန်းမှာပဲ ခပ်ကျယ်ကျယ် အသံကြီးတခုသူတို့ကြားလိုက်ရတယ်။ ဂျစ်ဂျစ်ရဲ့ အော်သံလည်း ခဏချင်းထွက်လာပြီး ငြိမ်သက်သွားတယ်။ ကလေးတွေလည်း ကြောက်လန့်တကြား ရွာဖက်ကို ငိုယိုပြီး ပြေးကြတော့တယ်။ သူတို့လိုပဲ ကောင်းကင်က မျက်နှာမည်းကြီးဟာ သည်းကြီးမဲကြီး အားပါတရ ငိုချတော့တယ်။
ကိုအေးတယောက် အခြားရွာသားတွေနဲ့ အတူ ဂျစ်ဂျစ်ကိုရှာဖို့ ချောင်းနားကိုရောက်လာတယ်။ ကိုအေးမျက်နှာဟာ ပေါက်ကွဲတော့မယ့် ဆဲဆဲ မီးတောင်ရှင်တခုလို။ ကိုင်းတော အစပ်ကို ရောက်ကြတော့ ဂျစ်ဂျစ်ရဲ့ သက်တံရောင် စွန်လေး သစ်ကိုင်းမှာ ချိတ်နေတာကို လှမ်းမြင်ကြရတယ်။
ရွာသားတွေ ဘယ်သူကမှ ကိုင်းတောကြီးထဲကို ဖြတ်ပြီး ဂျစ်ဂျစ်ကို မရှာရဲ။ “သား.. ဂျစ်ဂျစ်ရေ”လို့ အော်ခေါ်နေတဲ့ ကိုအေးရဲ့ အသံက ခပ်ကျယ်ကျယ်ပေမဲ့ ပြန်ထူးသံမရှိ။ “ငအေးရာ ဒီတဝိုက်မှာ မိုင်းတွေရှိတယ်ဟ။ နင်တခုခုဖြစ်မယ်နော။ ကလေးတွေကလည်း ဆော့လွန်းတယ်ဟာ” လို့ မချိတင်ကဲအသံ ကိုဌေးဆီက ထွက်လာတယ်။ ဘယ်သူမှ အသက်စွန့်ပြီး ဂျစ်ဂျစ်ကို မရှာရဲ။ ကိုအေးကိုသာ စိတ်လက်မာန်ပါမလုပ်ဖို့ တားနေကြတယ်။ “ဝဲဘို.. ဂျစ်ဂျစ် ဘယ်နားသွားလဲ လို့ ကိုအေးရဲ့ အမေးကို ဝဲဘိုက ငိုမဲ့မဲ့နဲ့ “သူ့ငှက်ဟိုမှာချိတ်နေလို့ သွားယူတာ” လို့ဖြေရှာတယ်။
ကိုအေးတယောက် သဖန်းပင်ကြီးဆီကို ဦးတည်ပြီး ကိုင်းတောထဲကို လှစ်ခနဲဝင်သွားတာ ဘယ်သူမှ ဆွဲထားလို့ မမီလိုက်ဘူး။ လိုက်လည်း မဆွဲရဲကြဘူး။ “ဂျစ်ဂျစ်ရေ.. လို့ ငိုသံပါကြီးနဲ့ အော်ခေါ်နေတဲ့ ကိုအေးရဲ့ အသံကိုပဲ မချိတင်ကဲ နားထောင်နေကြတယ်။ ကိုင်းပင်ရှည်ရှည်တွေကြားမှာ ကိုအေးဟာ ပေါ်လိုက် ပျောက်လိုက်နဲ့။ တအောင့်လောက်နေတော့ ရုတ်တရက် ပေါက်ကွဲသံ ခပ်ကျယ်ကျယ်တခုထွက်လာပြီး ကိုအေးဆီက အော်ခေါ်သံလည်း တိတ်သွားသလို ရွာသားတွေဆီကလည်း .. “ဟာ.. ငအေး .. ဟာကွာ” ဆိုတဲ့ အာမေဋိတ်အသံတွေ၊ ငိုသံတွေပဲ ထွက်လာတယ်။
မိုးကလည်း စဲပြီ။ တိမ်မည်းတွေကွယ်တော့ နေဟာပြန်ထွက်လာတယ်။ ဒီလိုနဲ့ ကောင်းကင်မှာ သိပ်လှတဲ့ သက်တံကြီးတခုခု တဖြည်းဖြည်းနဲ့ပေါ်လာတယ်။ အခင်းဖြစ်ပွားရာနေရာဟာ သိပ်လှလွန်းနေတယ်။
သက်တံကြီးရဲ့ နောက်ခံနဲ့ နေရောင်ဖြာကျနေတဲ့ သဖန်းပင်မှာတော့ ချိတ်နေတဲ့ သက်တံရောင်ငှက်ကလေးကလည်း လေရဲ့ကလူကြည်စယ်မှုမှာ လှုပ်ယမ်းကခုန်လို့။
ငုယဉ်ခိုင်