မြိတ်မြို့၊ ရွှေဒူးရွာတွင် စစ်အာဏာရှင်တပ်ယာဥ်တန်းနှင့် ဆိုင်ကယ်တစ်စီး မျက်နှာချင်းတိုက်ပြီး ဆိုင်ကယ်စီးလာသည့် ဇနီးမောင်နှံနှစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။
စစ်အာဏာရှင်တပ်ယာဉ် ခုနစ်စီးသည် တနင်္သာရီမြို့နယ်မှ မြိတ်မြို့သို့ ပြန်လာစဉ် ဧပြီလ ၆ရက် မွန်းလွဲ ၁နာရီခန့်တွင် ရွှေဒူးရွာထဲ၌ မျက်နှာချင်းဆိုင် ယာဉ်ကြောမှ မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် တိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ဆိုင်ကယ်မောင်းလာသည့် အသက် ၃၄နှစ်အရွယ် ကိုဇေယျမှာ ပွဲချင်းပြီးသေဆုံးပြီး ဇနီးဖြစ်သူ အသက် ၃၅နှစ်အရွယ် မသီရိတင်မှာ ယာဉ်တိုက်ပြီး နှစ်နာရီခန့်အကြာတွင် သေဆုံးကြောင်း ဒေသခံများက ပြောဆိုသည်။
အဆိုပါဇနီးမောင်နှံသည် မြိတ်မြို့နယ် ကဟန်းရွာဒေသခံများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ကားနှင့် ဆိုင်ကယ်တိုက်ပြီးနောက်တွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင်အချို့ စောင့်ကြည့်ကျန်ရစ်ခဲ့ပြီး ဒဏ်ရာရသူကို ဆေးရုံသို့ ပို့ဆောင်ခွင့်မပြုကြောင်း ဒေသခံအချို့က ပြောသည်။
“အခင်းဖြစ်ပွားပြီး ပြည်သူတွေကို ဝင်ခွင့်မပေးဘဲ စကစတွေ ဝိုင်းထားတယ်။ ဆေးရုံပို့ခွင့် မရဘူး။ ခြေတွေ လက်တွေ ကျိုးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရုပ်အလောင်းများကို ညနေ ၃နာရီမှသာ သယ်ဆောင်ခွင့်ရပြီး ဧပြီလ ၇ ရက်မှ ကဟန်းရွာရှိ နေအိမ်သို့ သယ်ခွင့်ရကြောင်း ဒေသခံ အခြားတစ်ဦးက ဆိုသည်။
အဆိုပါ ဇနီးမောင်နှံတွင် သားသမီး သုံးဦးရှိပြီး အငယ်ဆုံးသမီးဖြစ်သူမှာ အသက် ၅နှစ်အရွယ်သာ ရှိသေးကြောင်း ၎င်းက ပြောဆိုသည်။
“ဆိုင်ကယ်တွေလည်း တစ်စစီးကျိုးတယ်။ မနေ့က (ဧပြီ ၉ရက်) ပဲ သင်္ဂြိုဟ်လိုက်တယ်။ ရွာမှာပဲ သင်္ဂြိုဟ်လိုက်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်အာဏာရှင်တပ်ကားနှင့် ဆိုင်ကယ်တို့ မည်ကဲ့သို့ တိုက်ခဲ့သည်ဆိုသည်မူ သေသေချာချာ မသိရသေးပေ။
ရွှေဒူးရွာသည် မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းရှိပြီး ကဟန်းကျေးရွာကိုမူ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းရှိ ကုလားတောင်ရွာ လမ်းခွဲမှ ဝင်ရသည်။







