ဇာတ်နိပါတ်၊ ဗုဒ္ဓဝင် ပန်းချီကားများနှင့် ဘုရားနောက်ခံ နံရံဆေးရေးပန်းချီ ကားချပ်ကြီးများ ရေးဆွဲသည့် ထားဝယ်ဒေသခံ ပန်းချီဆရာကြီး ဦးဖေရှင်သိန်း ကွယ်လွန်ကြောင်း ထားဝယ်ပန်းချီအသိုင်းအဝိုင်းထံမှ သိရသည် ။
ကွယ်လွန်ချိန်တွင် အသက် ၈၁နှစ်အရွယ်ရှိပြီး ကျန်းမာရေး မကောင်းသဖြင့် ရန်ကုန်မြို့တွင် ဆေးကုသမှုခံယူနေစဥ် ဧပြီလ ၇ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဆရာကြီး၏ စျာပနကို မနက်ဖြန် ဧပြီလ ၁၁ ရက် နေ့လယ်တွင် ထားဝယ်မြို့ ဇဟာဘာသာပေါင်းစုံသုသာန်၌ ပြုလုပ်မည်ဖြစ်ကြောင်း ထားဝယ်ပန်းချီ အသိုင်းအဝိုင်းထံမှ သိရသည်။
ဆရာကြီးသည် ထားဝယ်ပန်းချီဆရာကြီး ဦးဘထွန်းတင်၏ တပည့်ဖြစ်ပြီး အထက်တန်းကျောင်းသားအရွယ်ကစ၍ ပန်းချီစဆွဲခဲ့ကြောင်း ထားဝယ်ပန်းချီအသိုင်းအဝိုင်းထံမှ သိရသည်။
ပန်းချီဆရာကြီး ဦးဘထွန်းတင်သည် ဇာတ်နိပါတ် ပန်းချီကားများ ရေးသားခြင်းဖြင့် ဒေသတွင်းနာမည်ကျော်ပြီး ထင်ရှားသည့်လက်ရာအဖြစ် ရှင်ကိုးရှင် စာရင်းဝင် ရှင်မုတ္ထီးဘုရားစောင်းတန်းရှိ ဇာတ်နိပါတ် ပန်းချီကားများကို မြင်တွေ့နိုင်သည်။
ဆရာကြီး ဖေရှင်သိန်းသည်လည်း ဇာတ်နိပါတ်၊ ဗုဒ္ဓဝင် ပန်းချီကားများနှင့် ဘုရားနောက်ခံ နံရံဆေးရေးပန်းချီ ကားချပ်ကြီးများကို ဘုရားစောင်းတန်းနှင့် ဘုန်းကြီးကျောင်းများအတွက် ရေးဆွဲခဲ့ကြောင်း ထားဝယ်ပန်းချီ အသိုင်းအဝိုင်းထံမှ သိရသည်။
“ဆရာဖေရှင်သိန်းက ပုံတူရေးတာ၊ ဇာတ်နိပါတ် ရေးတာနဲ့ လူသိများတဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်တယ်” ဟု ထားဝယ်ခရိုင် ပန်းချီ ပန်းပု အစည်းအရုံး မှ ပန်းချီဆရာကြီးတစ်ဦးက ပြောသည် ။
ဆရာကြီး ဦးဖေရှင်သိန်းသည် ထားဝယ်ခရိုင် ပန်းချီ ပန်းပု အစည်းအရုံး၏ သက်ကြီးကန်တော့ခံ နာယကတစ်ဦးလည်းဖြစ်သည် ။
ဆရာကြီးသည် သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာ ဇာတိဖြစ်ပြီး နောက်ပိုင်း တွင် ထားဝယ်မြို့၊ ပိန္နဲတော ရပ်ကွက်သို့ ရွှေ့ပြောင်းခဲ့ကာ ကွယ်လွန်ချိန်အထိ မိသားစုနှင့်အတူ နေထိုင်ခဲ့သည် ။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ နှင့် မတ်လ ကလည်း ထားဝယ်ဒေသခံ ပန်းချီဆရာကြီး သိန်းမြင့်သိန်း နှင့် မြိတ်မြို့မှ ပန်းချီဆရာ ဗဂျီတင်အောင် (မြိတ်) တို့ ကွယ်လွန်ခဲ့ကြသေးသည် ။







