ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မဲဆောက်တွင် ကျားသစ်နက် မှောင်ခိုသယ်ယူမှုဖြင့် မြန်မာနှစ်ဦးဖမ်းဆီးခံရ

April 10, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကျားသစ်နက်ကို မှောင်ခိုသယ်ယူခဲ့မှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဧပြီလ ၈ ရက်က မဲဆောက်မြို့ ဈေးဝယ်စင်တာတစ်ခု၏ ကားပါကင်တွင် မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ကြိုတင်စောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကျားသစ်နက်သည် မျိုးသုန်းလုနီးပါး ကမ္ဘာ့ရှားပါး ကျားသစ်မျိုးနွယ်ဖြစ်ပြီး ယခု သယ်ဆောင်လာသည့် ကျားသစ်နက်မှာ ၇ လသားအရွယ်ဖြစ်ကြောင်း ဖော်ပြသည်။

ဧပြီလ ၆ ရက်နေ့က ဘန်ကောက်မြို့ရှိ ပုဂ္ဂလိကစာပို့လုပ်ငန်းတစ်ခုတွင် ကျားသစ်နက်ကို ကြောင်ဟု စာရင်းသွင်းပြီး မဲဆောက်မြို့သို့ ပို့ဆောင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ကလည်း စာတိုက်မှတဆင့် လက်ခံမည့်သူ၏ အချက်အလက်များကို ရယူထားခဲ့ကြောင်း‌ ဖော်ပြသည်။

ဧပြီလ ၈ ရက်တွင် သံသယရှိသူသည် ကားဖြင့် ပစ္စည်းလာယူစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကားနှင့် ဖုန်းများကို သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားနှစ်ဦးကလည်း ကျားသစ်နက်ဟု မသိရှိထားဘဲ ကြောင်အနက်ဟုသာ သိရှိ၍ လာယူခြင်းဖြစ်ကြောင်း ထွက်ဆိုကြောင်း ဖော်ပြသည်။

၎င်းကို မြဝတီဘက်သို့ ဘတ်၂၅၀၀၀ ဖြင့် ပို့ဆောင်ပေးရန် စေခိုင်းခဲ့သဖြင့် လာယူပေးခြင်းဖြစ်ကြောင်း ဆိုသည်။

ကျားသစ်နက်ကို မြဝတီမြို့ရှိ ရွှေကုက္ကိုလ်ဒေသက နိုင်ငံဖြတ်ကျော် တိရစ္ဆာန်မှောင်ခိုကူးသူများထံ ပို့ဆောင်ရန် စီစဉ်ထားသည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။

လက်ရှိတွင် ကျားသစ်နက်ကို ရတ်ချ်ဘူရီခရိုင်ရှိ တောရိုင်းတိရိစ္ဆာန်များ ကာကွယ်ရေးစင်တာသို့ ပို့ဆောင်ခဲ့ပြီး မြန်မာနိုင်ငံသားနှစ်ဦးကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: Thai Enquirer, Thaiger, Bangkok Post