ဒုတိယစစ်ခေါင်းဆောင် ဦးစိုးဝင်း ဦးဆောင်ပြီး ၁၁ ဦးပါဝင်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို စစ်ခေါင်းဆောင်က ယနေ့ ဧပြီလ ၁၀ရက်တွင် ဖွဲ့စည်းလိုက်သည်။
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည့် စစ်အုပ်စုစိတ်ကြိုက်ပြင်ဆင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်စဥ်တစ်လျှောက်တွင်ပါဝင်ခဲ့သည့် ဒုစစ်ခေါင်းဆောင် ဦးစိုးဝင်းကို ဥက္ကဋ္ဌ ရာထူးပေးခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးမောင်မောင်အေးကို အတွင်းရေးမှူး နေရာပေးထားသည်။
ဗိုလ်ချုပ်ကြီးဟောင်း မောင်မောင်အေးသည် လက်ရှိ စစ်အာဏာရှင်၏ တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခမည်းခမက်တော်စပ်သူ ဖြစ်သည်။
စစ်အာဏာရှင် ရေတပ်ချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း မိုးအောင်သည် ကောင်စီဝင်အဖြစ်ပါဝင်ပြီး စစ်ကော်မရှင်၏ ဝန်ကြီးဟောင်းများဖြစ်သည့် ဦးကိုကိုလှိုင်၊ ဦးသန်းဆွေတို့လည်း ကောင်စီဝင်အဖြစ် ပါဝင်သည်။
ယင်းအပြင် ကောင်စီဝင်ထဲတွင် စစ်ကောင်စီနှင့် စစ်ကော်မရှင်တို့တွင် အကြံပေးလုပ်ခဲ့သည့် မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူ၊ ဒေါက်တာရင်ရင်နွယ်တို့လည်း ပါဝင်သည်။
စစ်ကော်မရှင် တိုင်းရင်းသားရေးရာ ဒုဝန်ကြီး ဦးဇော်အေးမောင်၊ ပါလီမန်ခေတ် ဒုဝန်ကြီးချုပ်ဦးကျော်ငြိမ်း၏ သမီး ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ၈၈ မျိုးဆက်ကျောင်းသားဟောင်းလည်းဖြစ် ပြည်သူ့ပါတီ ဥက္ကဋ္ဌဖြစ်သည့် ဦးကိုကိုကြီး တို့လည်း ကောင်စီဝင်အဖြစ် ပါဝင်သည်။
ဦးကိုကိုကြီးသည် စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီအမတ်ကို ရှုံးနိမ့်ခဲ့သည်။
စစ်ခေါင်းဆောင်သည် ယနေ့ ကျမ်းကျိန်ပြီးနောက် ယခင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) တွင်လည်း ရာထူးအမည်များပြောင်းကာ ဥက္ကဋ္ဌအဖြစ် ၎င်းကိုယ်တိုင် နေရာပြန်ယူ၍ အဖွဲ့ဝင်ဆယ့်တစ်ဦးဖြင့် အသွင်ပြောင်း ဖွဲ့စည်းခဲ့သေးသည်။
စစ်ခေါင်းဆောင်၏ သမ္မတကျမ်းကျိန်ပွဲကို တရုတ်နှင့် ရုရှားနိုင်ငံတို့က ကိုယ်စားလှယ်များအပြင် အိမ်နီးချင်း အိန္ဒိယနှင့် ထိုင်း စသည့်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း စစ်အစိုးရထိန်းချုပ်ထားသည့် ရုပ်မြင်သံကြား များတွင် သတင်းထုတ်ပြန်ထားသည်။







