ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာ ၈၀ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

April 10, 2026

မလေးရှားနိုင်ငံသို့ သွားရောက်ရန် ပွဲစားများကို တစ်ဦးလျှင် ဘတ်တစ်သိန်းကျော်အထိ ပေး၍ ဝင်လာသော မြန်မာနိုင်ငံသား ၈၀ ဦးကို ထိုင်းတောင်ပိုင်း စွန်ခရာခရိုင်တွင် ဖမ်းဆီးခံခဲ့ရသည်။

ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က စွန်ခရာခရိုင် နာ့မော်ဒေသ တောင်ခြေရှိ တောထဲတွင် နိုင်ငံခြားသားများ အုပ်စုလိုက် ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သဖြင့် ရွာလူကြီးနှင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

စစ်ဆေးစဉ် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၈၀ ဦးကို တွေ့ရပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း၊ အချို့သည် အနီးအနားရှိ ချုံတောထဲတွင် ပုန်းနေကြသလို အချို့သည် တာလပတ်မိုး၍ တဲထိုး နေထိုင်နေကြသည်ကို တွေ့ရကြောင်း သတင်းတွင်ပါရှိသည်။

ပြီးခဲ့သော ငါးရက်ခန့်က မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူလမ်းကြောင်းမှတစ်ဆင့် စန်ခရာဘူရီဒေသသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း ၎င်းတို့ကို ပွဲစားများက ကားအနောက်ပိုင်းကို တာလပတ်များဖြင့် ဖုံး၍ ဆက်လက်ခေါ်ဆောင်လာခဲ့ပြီး ယခုနေရာတွင် ချန်ရစ်ခဲ့ကြကြောင်း ဘာသာပြန်မှတစ်ဆင့် ဖြေကြားထားသည်။

အားလုံးသည် မလေးရှားသွားရန် ရည်ရွယ်၍ ပွဲစားများကို ဘတ် ၇၉,၀၀၀ မှ ဘတ် ၁၅၀,၀၀၀ အထိ ပေးချေရမည်ဖြစ်ကြောင်း ဖြေကြားထားသည်။

ပွဲစားများက စစ်ဆေးရေးဂိတ်များကို ကြောက်ရွံ့၍ တောထဲတွင် မြန်မာနိုင်ငံသားများကို စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦး သုံးသပ်ထားသည်။

လက်ရှိတွင် အားလုံးကို နာ့မော်ရဲစခန်းသို့ ခေါ်ယူခဲ့ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကာ နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Daily News, CH 7, Workpoint, Khaosod