ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂယက်ထနေတဲ့ ထားဝယ်က ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ်

April 10, 2026

ထားဝယ်မြို့က အထက်တန်းကျောင်းသားတွေ၊ ဆယ်ကျော်သက်လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဌာနေပြည်သူ့စစ် (ထားဝယ်) အဖွဲ့ထဲမှာ လတ်တလော ဂယက်တွေ ဖြစ်နေပါတယ်။

ဆယ်ကျော်သက် ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ TikTok အကောင့်တွေမှာ ပြည်သူ့စစ်အဖွဲ့က ထွက်ရတော့မယ့် အကြောင်းတွေကို ဝမ်းနည်းပက်လက် ရေးတင်နေကြတာပါ။

ထားဝယ်မြို့ခံတွေကြားမှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဲဒီပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ကောလာဟလတွေက မြို့ခံတွေကြားမှာ ပြောဆိုလာကြပါတယ်။

အဲဒီကောလာဟလ ဘယ်လိုစထွက်လာလဲဆိုတာ တိတိကျကျ မသိရပေမဲ့၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတရာထူးယူပြီး အရပ်သားအစိုးရအသွင် ဖွဲ့စည်းလိုက်တဲ့အချိန်နဲ့တော့ သွားပြီးတိုက်ဆိုင်နေပါတယ်။

ဒါပေမဲ့ Dawei Watch ရဲ့ စုံစမ်းတွေ့ရှိချက်အရတော့ ဒီအဖွဲ့ကို လုံးဝဖျက်သိမ်းလိုက်တာ မဟုတ်ဘဲ အပြောင်းအလဲတချို့လုပ်ပြီး အသွင်သစ်နဲ့ ပြန်လှုပ်ရှားမယ့် အခြေအနေတွေ တွေ့ရပါတယ်။

ထားဝယ်က ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ်

စစ်အုပ်စုက အသက်မပြည့်သေးတဲ့ အထက်တန်း ကျောင်းသားလူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ပေးကိုင်ပြီး နိုင်ငံရေးမှာ အသုံးချနေပါတယ်။

ဒီအကြောင်းကို မတ်လ ၅ ရက်နေ့တုန်းက Dawei Watch ကနေ “စစ်တပ်အသုံးချခံ ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ်” ဆိုတဲ့ ဆောင်းပါးမှာ ဖော်ထုတ်ရေးသားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စာသင်ကျောင်းတွေထဲမှာ ကျောင်းသားတွေ လက်နက်ကိုင်လာတာ၊ မူးယစ်ဆေးပြဿနာနဲ့ အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်ရေးသားခဲ့တာပါ။

ထားဝယ်မြို့မှာရှိတဲ့ ဒီဌာနေပြည်သူ့စစ်အဖွဲ့မှာ အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ အများကြီး ပါဝင်နေပါတယ်။ သူတို့ရဲ့ စခန်းတွေကတော့ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်က နတလရုံး (နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးရုံး) နဲ့ မြို့သစ်ထဲက စုပေါင်းရုံးလို့ခေါ်တဲ့ ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွေမှာ ရှိပါတယ်။

အဲဒီပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားပြီး မြို့တွင်းကင်းလှည့်တာ၊ ဂိတ်စောင့်တာနဲ့ အရာရှိတွေလာရင် လုံခြုံရေးယူပေးတာတွေ လုပ်ရတာပါ။

ပြဿနာက သူတို့လက်ထဲ လက်နက်ရောက်လာတော့ ကျောင်းထဲမှာ ဆရာ၊ ဆရာမတွေနဲ့ တခြားကျောင်းသားတွေကို ခြိမ်းခြောက်တာတွေ ရှိလာပါတယ်။ ဒါ့အပြင် သူတို့ကတစ်ဆင့် WY စိတ်ကြွဆေး၊ အာဆီယံ (ဘိန်းစာရွက်ပြုတ်ရည်) နဲ့ အီးစီးကရက် သုံးစွဲမှုတွေ ကျောင်းသားတွေကြားမှာ တွင်ကျယ်လာပါတယ်။

သူတို့တတွေဟာ စစ်အာဏာရှင်တပ်ကပေးတဲ့ လစာအထောက်အပံ့တွေအပြင် လက်နက်အားကိုးနဲ့ ငွေညှစ်လို့ရတဲ့ ပိုက်ဆံတွေကြောင့် မူးယစ်ဆေးကို ဖောဖောသီသီ ဝယ်သုံးနိုင်တဲ့ အနေအထားဖြစ်နေတာပါ။

ဆယ်ကျော်သက်ကလေးတွေ ပြည်သူ့စစ်အဖွဲ့ထဲ အလျိုလျို ရောက်လာကြတာဟာ ၂၀၂၄ ခုနှစ်လောက်မှာပါ။ အထူးသဖြင့် စစ်ကော်မရှင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ချိန်နောက်ပိုင်း ပိုပြီးသိသာလာခဲ့ပါတယ်။

ပြည်သူ့စစ်ထဲ ဝင်လိုက်ခြင်းအားဖြင့် အဓမ္မစစ်မှုထမ်းစုဆောင်းခံရတာကို ရှောင်ရှားနိုင်ပါတယ်။ တကယ်လို့ ဒီလိုမဟုတ်ဘဲ စစ်မှုထမ်းစုဆောင်းခံလိုက်ရရင် သူတို့တတွေဟာ စစ်သင်တန်းတွေတက်ပြီး ရှေ့တန်းစစ်မြေပြင်တွေကို အပို့ခံကြရမှာ ဖြစ်ပါတယ်။

ဌာနေပြည်သူ့စစ်ဆိုရင်တော့ စစ်သင်တန်းတက်ဖို့လည်း မလိုသလို၊ ကိုယ့်မြို့ ကိုယ့်ဒေသမှာပဲ တာဝန်ထမ်းဆောင်ရတာကြောင့် စစ်မှုထမ်းထက်စာရင် ပိုကောင်းတဲ့ ရွေးချယ်မှုလို့ ဆိုရမှာပါ။

ဒါ့အပြင် လိုင်စင်မဲ့ ဆိုင်ကယ်တွေနဲ့ ဦးထုပ်မပါဘဲ ဆိုင်ကယ်မောင်းလို့ရသလို၊ ညဘက် သူများတွေ အပြင်မထွက်ရဲတဲ့အချိန် သူတို့ကတော့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘဲ လျှောက်သွားလို့ရတဲ့ အခွင့်အရေးမျိုးတွေလည်း ရနေကြသေးတာပါ။

ငွေရလွယ်တာကြောင့်လည်း ဆင်းရဲချို့တဲ့ပြီး အလုပ်မယ်မယ်ရရမရှိတဲ့ ကလေးတွေဟာ ပြည်သူ့စစ်အဖွဲ့ထဲ အလျိုလျို ရောက်လာကြပြီး ဌာနပြည်သူ့စစ်အဖွဲ့ခေါ် ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ်အဖွဲ့ဝင်တွေ ဖြစ်လာခဲ့ပါတယ်။

အသွင်ပြောင်း စစ်အစိုးရနဲ့ ပြည်သူ့စစ်

၂၀၂၅ ခုနှစ် နှောင်းပိုင်းမှာ စစ်အုပ်စုက ဟန်ပြရွေးကောက်ပွဲလုပ်ပြီး ၂၀၂၆ ဧပြီလမှာတော့ စစ်ခေါင်းဆောင်က သမ္မတနေရာရယူပြီး အသွင်းပြောင်း စစ်အစိုးရကို ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီအစိုးရအဖွဲ့ထဲမှာ အများစုက စစ်ခေါင်းဆောင်ဟောင်းတွေပါ။

တနင်္သာရီတိုင်းမှာလည်း ဧပြီလ ၆ ရက်နေ့မှာ အစိုးရအဖွဲ့သစ် ဖွဲ့လိုက်ပါတယ်။ ဝန်ကြီးချုပ်ကတော့ စစ်ခေါင်းဆောင်ရဲ့ လူယုံ၊ ကြံ့ခိုင်ရေးပါတီကနေ PR စနစ်နဲ့ တက်လာတဲ့ ဗိုလ်ချုပ်ဟောင်းဇော်နိုင်ဦးဆိုသူပါ။ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်၊ စည်ပင်ဝန်ကြီးဖြစ်လာတဲ့ နယ်လုံဟောင်း ဗိုလ်မှူးကြီးဟောင်း ဦးမင်းမင်းလတ်တို့ ပြန်ပါလာသလို စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးမောင်ကြီး၊ လူမှုရေးရာဝန်ကြီးအဖြစ် ဦးသက်နိုင်တို့ကတော့ တနင်္သာရီတိုင်း စစ်ကော်မရှင်လက်ထက် မူလနေရာတွေ ပြန်ရကြပါတယ်။ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်တဲ့ စောမာတင်လူသာလည်း အရင်စစ်ကော်မရှင်လက်ထက်က မူလရာထူးအတိုင်း ပြန်ခန့်အပ်ခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်က ဝန်ကြီးဟောင်းနှစ်ဦးဖြစ်တဲ့ ဦးကျော်ကျော်ဦးက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး၊ ဦးသိန်းလွင်က သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဖြစ်လာပါတယ်။ အခုဖော်ပြခဲ့တဲ့ ဟန်ပြရွေးကောက်ခံ တိုင်းအစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်အရွေးခံကြရင်း ဝန်ကြီးဖြစ်လာကြသူတွေပဲ ဖြစ်ပါတယ်။ အဲဒီအပြင် တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဋ္ဌမှာလည်း ကြံ့ခိုင်ရေးအမတ်တစ်ဦးဖြစ်သလို စစ်ကော်မရှင်လက်ထက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ရာထူးရခဲ့တဲ့ ဦးမြတ်ကိုပါ။

ဒီလို အရေခွံလဲ လူဟောင်းတွေနဲ့ အသွင်းပြောင်းစစ်အစိုးရအဖွဲ့သစ် မဖွဲ့ခင် ဧပြီလ ပထမပတ်လောက်မှာ ဌာနေပြည်သူ့စစ်အဖွဲ့ကို ဖျက်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။ TikTok မှာဆိုရင်လည်း ပြည်သူ့စစ်လူငယ်တွေက သူတို့အဖွဲ့ကနေ ထွက်ရတော့မယ့်အကြောင်း၊ နောက်ဆို ပြည်သူ့စစ်ယူနီဖောင်းနဲ့ မြင်ရတော့မှာ မဟုတ်ကြောင်း နှုတ်ဆက်ပို့စ်တွေ တင်လာကြပါတယ်။ အသက် ၁၉ နှစ်အရွယ် ရဲဘော်မောင်ဂျိမ်းဆိုရင် “ထားဝယ် မြို့သိမ်းတိုက်ပွဲဖြစ်တဲ့နေ့ သေနတ်ပြန်ကိုင်မယ်” လို့တောင် ရေးထားပါသေးတယ်။

ထားဝယ်မြို့ထဲမှာလည်း အရင်ကလို လူငယ်ပိုင်းအရွယ် ပြည်သူ့စစ်အဖွဲ့ဝင်တွေ အတွေ့ရနည်းလာတယ်လို့ မြို့ခံအချို့က ပြောပါတယ်။ မြို့ခံအချို့ကတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေနဲ့ အထက်တန်းကျောင်းသားတွေ ပါဝင်နေတဲ့ ထားဝယ်မြို့ပေါ်က ဌာနေပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီလို့တောင် ဆိုကြပါတယ်။

“ဧပြီလ ၄ ရက်နေ့က အဲဒီအဖွဲ့ကို ဖျက်လိုက်ပြီလို့ ကြားရတယ်” လို့ အသက် ၆၀ ကျော် မြို့ခံတစ်ဦးက ဆိုပါတယ်။

မြို့ခံတွေကြားထဲ ဌာနေပြည်သူ့စစ်အဖွဲ့အကြောင်း အမျိုးမျိုး ပြောနေကြတာနဲ့ ပတ်သက်ပြီး Dawei Watch က စုံစမ်းကြည့်ရာမှာတော့ ဖျက်သိမ်းတာမျိုး မရှိဘဲ အဖွဲ့ဝင်တချို့ကို လျှော့ချလိုက်တာမျိုးရှိတယ်လို့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်နှစ်ဦးက ပြောဆိုကြပါတယ်။

“ပြည်သူ့စစ်ကလေးတွေကို လူလျော့ထားတာတော့ ဟုတ်တယ်။ ဖျက်လိုက်တာတော့ မဟုတ်ဘူး” လို့ စစ်အုပ်စုနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ဌာနေပြည်သူ့စစ်အဖွဲ့ထဲ မကြာခဏ ဝင်လိုက်ထွက်လိုက် လုပ်နေတာရယ်၊ နောက် သူတို့အတွက် ကြီးကြီးမားမား တာဝန်မရှိဘဲ ကျွေးမွေးထားရတဲ့ စရိတ်ကုန်ကျမှုရှိတာရယ်၊ ပြဿနာ ရှုပ်လာနိုင်တာတွေတာကြောင့် မလိုအပ်တော့တဲ့ လူအချို့ကို လျှော့ချပစ်လိုက်တာလို့ ဆိုပါတယ်။

နောက်တစ်ခုကတော့ စစ်ကော်မရှင် ရာထူးကြီးသူတစ်ဦးရဲ့ ကားကို ပြည်သူ့စစ်အဖွဲ့ဝင်တွေက တားဆီးစစ်ဆေးရာကနေပြီး ပြဿနာတက်ကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်အဖွဲ့ဟာ တရားဝင် ဖွဲ့စည်းထားတဲ့အဖွဲ့ မဟုတ်သလို အဖွဲ့ထဲ အသက်မပြည့်သေးတဲ့ လူငယ်တွေနဲ့ အထက်တန်းကျောင်းသားတွေ ပါဝင်နေတာကို Dawei Watch က ဖော်ထုတ်ရေးသားချက်ကြောင့် ဒီအကြောင်းနဲ့ ပတ်သက်ပြီး စစ်အုပ်စုတွေကြားထဲ တော်တော် ဂယက်ရိုက်ခတ်သွားခဲ့ပါတယ်။

အချက်အလက် ပေါက်ကြားမှုကြောင့် ဝန်ထမ်းအချို့ စစ်ဆေးခံရတာတွေရှိခဲ့တယ်လို့ သိရပေမယ့် အသေးစိတ်တော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ အသွင်ပြောင်းစစ်အစိုးရ တက်လာရင် အသက်မပြည့်သေးတဲ့သူတွေ၊ ကျောင်းသားတွေ ဌာနေပြည်သူ့စစ်ထဲ ပါနေတာနဲ့ ပတ်သက်ပြီး ပုံရိပ်ထိခိုက်မှာတွေကို ကြိုကာနေတဲ့အနေနဲ့ လူလျှော့တာတွေ လုပ်တာလို့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။

လှည့်ကွက်လား၊ တကယ်လား

တချို့ကလည်း လူငယ်တွေနဲ့ အထက်တန်းကျောင်းသား ပြည်သူ့စစ်အဖွဲ့ဝင်တွေကို လျှော့ချပစ်တာဟာ ပြည်သူကို လှည့်စားဖို့နဲ့ လတ်တလော ပြည်သူလူထုအကြား ဝေဖန်ပြောဆိုနေတာကို ငြိမ်သွားဖို့ သက်သက်ပဲလို့ ထောက်ပြကြပါတယ်။

၂၀၂၅ နိုဝင်ဘာလ တန်ဆောင်တိုင်ပွဲတော်တုန်းကလည်း TikTok တွေမှာ ဒီလိုပဲ ထွက်ရတော့မယ်ဆိုပြီး ပြည်သူ့စစ်အဖွဲ့ဝင် လူငယ်တွေ တင်ခဲ့ကြပေမဲ့၊ ဒီဇင်ဘာလ ရွေးကောက်ပွဲလုပ်ချိန်မှာ ယူနီဖောင်းတွေနဲ့ မြို့ထဲ ပြန်ပေါ်လာကြတာပါ။

ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ်တွေနဲ့ ပတ်သက်ပြီး ထပ်သိရှိရတဲ့ အချက်တွေလည်းရှိပါသေးတယ်။ ဒီထဲမှာ အရေးကြီးတဲ့ အချက်ကတော့ စစ်အုပ်စုရဲ့ တရားမဲ့လုပ်ငန်းစဉ်တွေမှာ ဒီကလေးတွေကို အသုံးချနေတယ် ဆိုတာပါပဲ။

စစ်အာဏာရှင်တပ်က မြို့ထဲက အိမ်တွေကို ဝင်စီးတဲ့အခါ ရှေ့ပြေးအနေနဲ့ ဒီပြည်သူ့စစ်အဖွဲ့ဝင်တွေကို အရပ်ဝတ်တွေနဲ့ သတင်းကြိုစုံစမ်းခိုင်းတာမျိုးတွေ လုပ်ပါတယ်။ သေချာပြီဆိုမှ စစ်ကားတွေနဲ့ ဝင်ဖမ်းတာကို မျက်မြင်တွေ့ခဲ့တဲ့ မြို့ခံတွေက ပြောဆိုကြသလို Dawei Watch အနေနဲ့လည်း ရုပ်သံအထောက်အထား ရထားပါတယ်။

နောက်တစ်ခုက ဒီအဖွဲ့မှာ တာဝန်ပေးထားတဲ့ ပုံစံကွဲပြားတာလည်း တွေ့ရပါတယ်။ ပြည်သူစစ်အဖွဲ့ဝင်တိုင်းကို အမြဲတမ်း ယူနီဖောင်းနဲ့ လက်နက် ထုတ်ပေးထားတာ မဟုတ်ပါဘူး။

ဥပမာ- ဆံပင်ညှပ်သမားဆိုရင် သူ့အလုပ် သူဆက်လုပ်နေရပါတယ်။ အရေးကြီးကိစ္စ ပေါ်လာမှသာ စစ်ကော်မရှင်က လှမ်းခေါ်၊ ချက်ချင်း စာချုပ်လက်မှတ်ထိုးခိုင်းပြီး လက်နက်နဲ့ ယူနီဖောင်း ထုတ်ပေးတာမျိုး လုပ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ ဘယ်လိုသဘောတူညီချက်တွေ ပါတဲ့ စာချုပ်မျိုးလဲဆိုတာတော့ သေသေချာချာ မသိရပါဘူး။

တချို့ပြည်သူ့စစ်အဖွဲ့ဝင် လူငယ်တွေကတော့ အချိန်ပြည့်နီးပါး တာဝန်ထမ်းဆောင်ကြတာကို တွေ့ရပါတယ်။ မိဘအများစုကတော့ သူတို့ရဲ့ကလေးတွေ ပြည်သူ့စစ်ထဲဝင်တာကို မသိကြတာများပါတယ်။

နယ်ဒေသက မိဘအများစုက ကလေးတွေ မြို့မှာကျောင်းသွားတက်နေတယ် ဆိုတာလောက်ပဲ သိကြပြီး သူတို့ကလေးတွေကို စစ်အုပ်စုက အသုံးချနေတာ အခုမှ သိကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက အသက်မပြည့်သေးတဲ့ ကလေးတွေကို သွေးဆောင်ဖျားယောင်းပြီး အသုံးချနေတဲ့အပေါ် ပြည်သူလူထု ပြင်းပြင်းထန်ထန် ဝေဖန်နေသလို မိဘတွေကလည်း ကလေးတွေကို ကျောင်းလွှတ်ဖို့တောင် စိုးရိမ်နေကြပါတယ်။

ဒါကြောင့် အခုကျောင်းသားတစ်ပိုင်း ပြည်သူ့စစ်အဖွဲ့ဝင်တွေကို လျှော့ချလာတာဟာ လတ်တလောမှာ မလိုအပ်သေးလို့လား ဒါမှမဟုတ် စစ်အစိုးရသစ် စတင်တာဝန်ယူချိန်မှာ သူတို့အပေါ် ဆိုးကျိုးသက်ရောက်မှု နည်းအောင်ဒီအဖွဲ့ကို ဖျက်ဖို့ လုပ်ချင်တာလား ဆိုတာမကွဲသေးဘူးလို နီးစပ်သူတွေက ဆိုပါတယ်။

ဒါပေမဲ့ အခုလက်ရှိပေါ်လာတဲ့ အရပ်သားအစိုးရ ဆိုတာက စစ်ခေါင်းဆောင်တွေ ဘောင်းဘီချွတ်တာမျိုးမို့လို့ ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ်အဖွဲ့လည်း သိပ်မကြာခင် ပုံစံသစ်နဲ့ ပြန်ခေါင်းထောင်လာနိုင်ကြောင်းပါ။