အော်သိုဒေါက်အီစတာပွဲတော်ကာလအတွင်း ယူကရိန်းနှင့် ယာယီအပစ်အခတ်ရပ်စဲကြောင်း သမ္မတဗလာဒီမာပူတင်က ကြေညာလိုက်သည်ဟု ရုရှားကရင်မလင်နန်းတော်က ဧပြီလ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
တိုက်ပွဲများ ရပ်တန့်ရန် ယူကရိန်းဘက်က အဆိုပြုလာပြီးနောက် ရုရှားသမ္မတဗလာဒီမာပူတင်က ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။
‘နီးကပ်လာနေပြီဖြစ်သည့် အော်သိုဒေါက်အီစတာပွဲတော်နှင့် စပ်လျဉ်း၍ ၂၀၂၆ ခုနှစ် ဧပြီလ ၁၁ ရက် ညနေ ၄ နာရီမှ စတင်ကာ ဧပြီလ ၁၂ ရက်နေ့ ကုန်ဆုံးချိန်အထိ အပစ်အခတ်ရပ်စဲကြောင်း သမ္မတပူတင်က ကြေညာလိုက်သည်’ဟု ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ယာယီအပစ်ရပ်ကာလအတွင်း စစ်ဆင်ရေးအားလုံးကို ရပ်တန့်ထားရန် ရုရှားစစ်ဘက်ဆိုင်ရာ အရာရှိချုပ်များကို ညွှန်ကြားထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
သို့ရာတွင် ရန်သူဘက်မှ ဖြစ်ပေါ်လာနိုင်သည့် ရန်စမှုမှန်သမျှကို ပြန်လည်တုံ့ပြန်ရန် တပ်ဖွဲ့ဝင်များက အသင့်ရှိနေကြောင်းလည်း ဖော်ပြထားသည်။
ယူကရိန်းဘက်ကလည်း ရုရှားနည်းတူ လုပ်ဆောင်လိမ့်မည်ဟု ယူဆကြောင်း ရုရှားအစိုးရက ဆိုသည်။
လေးနှစ်ကျော်ကြာမြင့်လာသည့် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးမှုများသည် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် လမ်းချော်လျက် ရှိသည်။
စစ်ပွဲအဆုံးသတ်ရေးအတွက် ယူကရိန်းနှင့် ရုရှားအကြား သဘောတူညီချက်ရရှိရန် အမေရိကန်ဦးဆောင်သည့် ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်သေးပေ။
အမေရိကန် ၊ အစ္စရေးနှင့် အီရန်အကြား စစ်ဖြစ်ပွားပြီး အမေရိကန်၏ အာရုံစိုက်မှုက အီရန်ဘက်သို့ ရောက်သွားချိန်တွင် ယူကရိန်းစစ်အဆုံးသတ်ရေး ဆွေးနွေးမှုများမှာ ပိုမိုတုံ့ဆိုင်းသွားခဲ့သည်။
ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုများမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ရောက်ရှိနေပုံရသည်။
ယူကရိန်းဘက်က နယ်မြေစွန့်လွှတ်ရန် ရုရှားဘက်က တောင်းဆိုနေသော်လည်း ယင်းမှာလက်နက်ချခြင်းနှင့် အတူတူပင်ဖြစ်သည်ဟုဆိုကာ ယူကရိန်းသမ္မတဇလန်းစကီးက ပယ်ချထားသည်။
ယူကရိန်းစစ်ပွဲကြောင့် လူထောင်ပေါင်းများစွာသေဆုံးခဲ့ရပြီး သန်းနှင့်ချီသော ပြည်သူများအိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အသေအပျောက် အများဆုံး ပဋိပက္ခတစ်ခု ဖြစ်လာခဲ့သည်။
Source: AFP







