အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့အား လိုအပ်လျှင် မည်သည့်နေရာတွင်မဆို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ဧပြီလ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဗုဒ္ဓဟူးနေ့က လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်တွင် ၎င်း၏ အဆိုပါ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“ကျွန်တော်တို့က ဟစ်ဇ်ဘိုလာအဖွဲ့ကို အင်အားအပြည့်နဲ့ တိတိကျကျ ပြတ်ပြတ်သားသား ဆက်လက်တိုက်ခိုက်နေပါတယ်”ဟု နေတန်ညာဟုက ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
“ကျွန်တော်တို့ပေးချင်တဲ့ သတင်းစကားကတော့ ရှင်းပါတယ်။ အစ္စရေးအရပ်သားတွေကို ရန်ပြုသူမှန်သမျှကို ပြန်တိုက်ခိုက်သွားမှာပါ။ အစ္စရေးမြောက်ပိုင်းမှာ နေထိုင်သူတွေအတွက် လုံခြုံရေး အပြည့်အဝပြန်ရတဲ့အထိ ဟစ်ဇ်ဘိုလာတွေကို လိုအပ်တဲ့နေရာတိုင်းမှာ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ဘနွန်တောင်ပိုင်းတွင် မြေပြင်စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။
ယခုနှစ် မတ်လဆန်းပိုင်းမှစတင်ကာ အစ္စရေးစစ်တပ်နှင့် ဟစ်ဇ်ဘိုလာအဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်။
ဗုဒ္ဓဟူးနေ့က လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂၀၀ ထက်မနည်း သေဆုံးပြီး လူပေါင်း ၁,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အစ္စရေး၏ အဆိုပါ တိုက်ခိုက်မှုများအတွင်း ကျဆုံးခဲ့ရသူများနှင့် ဒဏ်ရာရရှိခဲ့သူများအတွက် ကြာသပတေးနေ့ကို ‘နိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့’အဖြစ် သတ်မှတ်ကြောင်း လက်ဘနွန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
ယင်းနောက် နာရီပိုင်းအကြာတွင် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဗုဒ္ဓဟူးနေ့က အစ္စရေး၏ လက်ဘနွန်ကို တိုက်ခိုက်မှုသည် အမေရိကန်-အီရန် အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ ဟစ်ဇ်ဘိုလာအဖွဲ့က ယင်းသို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသအတွင်း လူပေါင်းထောင်ချီ သေဆုံးစေခဲ့ပြီး ကမ္ဘာ့စီးပွားရေးကိုပါ ကမောက်ကမဖြစ်စေခဲ့သည့် အီရန်စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်၍ အမေရိကန်နှင့် အီရန်အကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် ဗုဒ္ဓဟူးနေ့က သဘောတူခဲ့ကြသည်။
Source: AFP







