လောင်စာဆီသုံးစွဲမှုလျော့ချနိုင်ရေးအတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအနေဖြင့် ဝန်ထမ်းများကို အိမ်မှာနေပြီး အလုပ်လုပ်နိုင်ရေး စီစဉ်ပေးရန် ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီးဌာနက ယနေ့ မတ်လ ၁၀ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။
အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် လောင်စာဆီပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများအကြား လောင်စာဆီ သုံးစွဲမှု လျော့ချနိုင်ရန် ဗီယက်နမ်အစိုးရက ယင်းသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသမှ စွမ်းအင်တင်သွင်းမှုအပေါ် အလွန်အမင်း မှီခိုနေရသည့် ဗီယက်နမ်နိုင်ငံသည် အမေရိကန် ၊ အစ္စရေးနှင့် အီရန်အကြားစစ်ပွဲစတင်ချိန်ကတည်းက လောင်စာဆီပြတ်လပ်မှုဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသည့် နိုင်ငံများထဲတွင် ပါဝင်နေကြောင်း ဗီယက်နမ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ခရီးသွားလာမှုနှင့် သယ်ယူပို့ဆောင်ရေး လိုအပ်ချက်ကို လျှော့ချနိုင်ရန် ဖြစ်နိုင်လျှင် ဝန်ထမ်းများ အိမ်မှ အလုပ်လုပ်ခြင်းကို အားပေးတိုက်တွန်းရမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံတွင် ဖေဖော်ဝါရီလကုန်မှစ၍ ဓာတ်ဆီဈေးနှုန်း ၃၂ ရာခိုင်နှုန်း ၊ ဒီဇယ်ဆီဈေးနှုန်း ၅၆ ရာခိုင်နှုန်း ၊ ရေနံဆီဈေးနှုန်း ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း သိရသည်။
ယနေ့အင်္ဂါနေ့တွင် နိုင်ငံ့မြို့တော်ဟနွိုင်းရှိ လောင်စာဆီဆိုင်များ၌ ကားများနှင့် ဆိုင်ကယ်များ တန်းစီစောင့်ဆိုင်းနေသည်ကို တွေ့မြင်ရကြောင်း Reuters သတင်းတွင် ဖော်ပြသည်။
စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအနေဖြင့် လောင်စာဆီများကို လိုအပ်သည်ထက် ပိုမိုဝယ်ယူစုဆောင်းခြင်း ၊ ဈေးကစားခြင်းများ မပြုလုပ်ကြရန်လည်း ဗီယက်နမ်အစိုးရက ထုတ်ပြန်တိုက်တွန်းထားသည်။
Source: Reuters







